Jul 24, 2012

လကျာ်ထွန်း ကို လွှတ်ပေးပါ


မောင်လကျာ်ထွန်းနဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးပါ

မောင်လင်္ကျာထွန်းသည် အသက် (၄၀) နှစ်ပြည့်ခဲ့ပြီဖြစ်သော်လည်း သူ၏ဘဝထက်ဝက်ခန့် (နှစ်ပေါင်း၂၀) နီးပါးသည် အကျဉ်းထောင် အတွင်း၌သာ ရှင်သန်ခဲ့ရသူဖြစ်ကြောင်း သိခဲ့ရသည်။ 
သူသည် ဒုတိယအကြိမ်မြောက် အကျဉ်းထောင်ထဲသို့ ရောက်ရှိခဲ့သည်လည်းဖြစ် သည်။ သူ၏ဘဝသက်တမ်း ထက်ဝက်ခန့်သည် အကျဉ်းထောင်ထဲတွင် အချုပ်အနှောင်ခံဘဝတွင် လူ့အသိုင်းအ၀ိုင်းနှင့်ကင်းကွာနေရ သော်လည်း ဘဝတူအကျဉ်းသားများစွာတို့အား သူတတ်မြောက်ထားသောပညာရပ်များဖြစ်သည့် အင်္ဂလိပ်စာ၊ ပြင်သစ်စကားတို့အပြင်ထေရ၀ါဒဗုဒ္ဓဘာသာဝင်များအတွက် အဖိုးမဖြတ်နိုင်သော မိုးကုတ်ဆရာတော်ဘုရားကြီးလမ်းညွှန်ပြသခဲ့သည့် မိုးကုတ်ဝိပဿနာ တရား စခန်းနှင့် ဘုရားကျောင်းဆောင်တို့အားလည်း သာယာဝတီအကျဉ်းထောင်အတွင်းတည်ထားကိုးကွယ်ကာ လမ်းညွှန်ပြသသင်ကြားပေးနေသူတစ်ဦးလည်းဖြစ်ပေသည်ဟု သိရှိခဲ့ရသည်။

http://ppMoemaka.blogspot.com/ မှာ အခြားအကျဉ်းသားများအကြောင်း ဖတ်ရှု့ပါ


May 25, 2012

Aye Aung

ဓားစားခံ ကိုအေးအောင်


ကိုအေးအောင်ရဲ့ ဓာတ်ပုံကိုပြသနေတဲ့ ဖခင် ဦးသောင်းစိန် (ဓာတ်ပုံ - AFP)

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အွန်လိုင်းမှာ တွေ့ရတာက ထောင်ကျနေသူကိုအေးအောင် ရဲ့ မိဘနှစ်ပါး ဓာတ်ပုံတွေပါ။ သူတို့က သတင်းထောက်ကို ကိုအေးအောင်ရဲ့ ဓာတ်ပုံ ပြသနေတဲ့ ပုံတွေ ဖြစ်ပါတယ်။

ကိုအေးအောင် ဆိုတာ နိုင်ငံရေးသမား လူငယ်လေးတဦးပါ။ အစိုးရက သူ့ကို ထောင်ထဲထည့်ထားတာ ၁၀ နှစ် မကတော့ပါဘူး။

လောလောဆယ်မှာတော့ မြန်မာအစိုးရကို အပြောင်းအလဲတွေ လုပ်တယ် ဆိုပြီး နိုင်ငံတကာက ချီးကျူးနေကြပါတယ်၊ ကိုအေးအောင်နဲ့ ပတ်သက်ပြီး အာဏာပိုင်တွေကို ချီးကျူးပြောဆိုစရာဆိုလို့ ကိုအေးအောင်ဟာ အသက်ရှင်လျက် ရှိနေသေးတယ် ဆိုတာပါပဲ။

သူနဲ့အတူ ကလေးမြို့အကျဉ်းထောင်ကို အတူရောက်သွားခဲ့တဲ့၊ သူ့လိုပဲ ထောင်ဒဏ် နှစ် ၆၀ ၀န်းကျင် ချမှတ်ခံခဲ့ရတဲ့ ကိုသက်ဝင်းအောင်ကတော့ ထောင်ထဲမှာ သေဆုံးသွားခဲ့ပါပြီ။ ကိုသက်ဝင်းအောင်လို အဖြစ်မျိုး သူ မကြုံရတဲ့အတွက် ကျေးဇူးတင်တယ်လို့ ကြံဖန် ပြောရမလိုပါပဲ။

ကိုအေးအောင်တို့ကို မလွှတ်ပေးသေးတာနဲ့ ပတ်သက်ပြီး ပေးလာတဲ့ ဆင်ခြေက အကြမ်းဖက်လုပ်ငန်းတွေနဲ့ ဆက်စပ်နေလို့ပါ တဲ့။ ထောက်လှမ်းရေးစစ်ကြောချက်၊ တရားရုံးစီရင်ချက်တွေကို ကြည့်ပြီး ပြောတာ ဖြစ်ပါလိမ့်မယ်။ အဲဒါတွေ ကြည့်ပြီး ပြောရင်တော့ ဘာမဆိုဖြစ်နိုင်ပါတယ်။

နိုင်ငံတကာက ပေးလာတဲ့ ဖိအားတွေ လျော့ပါးသွားအောင် တခါတလေ သူတို့ကို အလွှတ်ပြပါတယ်။ ဒီတော့ နိုင်ငံရေးအကျဉ်းသားတွေက ဓားစာခံတွေလို ဖြစ်နေကြပါပြီ။

ဓားစားခံချင်းအတူတူ ဆိုမာလီပင်လယ်ဓားပြတွေ ဖမ်းထားတဲ့ သင်္ဘောသားတွေကမှ အသက်ရှူချောင်ပါလိမ့်မယ်။

ဆိုမာလီပင်လယ်ဓားပြတွေက
ဖမ်းရင် ဖမ်းတယ်လို့ ပြောတယ်၊
ဓားစာခံကိုနှိပ်စက်တဲ့နည်းဗျူဟာ မကျင့်သုံးဘူး၊
ကတိတည်တယ်၊ ပိုက်ဆံရရင် ပြန်လွှတ်တယ်။

မြန်မာအစိုးရက အဲဒါတွေနဲ့ ပြောင်းပြန် ဖြစ်နေတယ်။

ဧရာဝတီ ဘလော့

(၂၀၁၂ ဇွန် = လွတ်မြောက်ပြီး)

Apr 16, 2012

"ခွန်ကောရီယို" ကို လွှတ်ပေး


လွိုင်ကော်မြို့ မှ ကယန်းလူငယ်လေး ခွန်ကောရီယို (Khun Kawrio) ၂၀၀၈ ခုနှစ်တွင် NO Vote ကန်ပိန်းတွင် ပါဝင်ခဲ့သောကြောင့် မြင်းခြံထောင်တွင် ၃၇နှစ်ကျခံနေရတယ်လို့ သိရှိခဲ့ရပါတယ်..

လွတ်ငြိမ်းချမ်းသာခွင့်မှာ သူနှင့်အတူ အမှု့ တွဲလူငယ်၂ဦးလွှတ်မြောက်ခဲ့ပြီး ခွန်ကောရီယိုကျန်ရစ်ခဲ့ပါတယ်..

ခွန်ကော်ရီယိုနှင့်အတူ ကျန်ရှိနေသေးသော လူမသိ သူမသိ ဖမ်းဆီး ချုပ်နှောင်ထားပြီး ထောင်နှစ်ရှည်များချထားသော အညတြရသူရဲကောင်းများ အားလုံးကို မြန်မာနှစ်သစ်ကူးနှစ်ဆန်းတစ်ရက်နေ့ မှာ လွတ်ပေးပါရန် တောင်းဆိုလိုက်သည်...
မစံပါယ်ဖြူ
ဧပြီ ၁၆၊ ၂၀၁၂
(လွှတ်ပြီး - ၂၀၁၂ ဇွန်လ)

Jan 13, 2012

U Myint Aye


ဦးမြင့်အေးကို လွှတ်
မောင်ထွေး
ဇန်န၀ါရီ ၁၄၊ ၂ဝ၁၂

ဓာတ်ပုံ - ရိုးမ ၃

ဦးမြင့်အေးဟာ အကြမ်းဖက်သမား တဲ့။ ဘယ်သူတွေက ပြောတာလဲ။ လူတွေကို မြို့ပေါ်မှာ ပစ်သတ်တဲ့၊ တောဘက် နယ်ဘက်မှာ ထင်ရာစိုင်းနေတဲ့၊ လူတွေကို ဖမ်းပြီး လုပ်ချင်ရာလုပ်နေတဲ့ သူတွေက ပြောတာပါ။

ပြီးခဲ့တဲ့ အနှစ် ၂၀ အတွင်း NLD မှာ အမာခံ၊ အမိုက်ခံ လုပ်ကိုင်ခဲ့သူတွေထဲမှာ ဦးမြင့်အေးလည်း ထိပ်တန်းက ပါတယ်။

လူ့အခွင့်အရေး မြင့်တင်ရေးကွန်ရက်ကို အနယ်နယ်မှာ လုပ်ကြတော့ ကြံ့ခိုင်ရေးအဖွဲ့ (အခုတော့ ပါတီ) လူမိုက်တွေရဲ့ တုတ်ချက်နဲ့ အကြီးအကျယ် ဒဏ်ရာရသူတွေထဲမှာလည်း ဦးမြင့်အေး ပါပါတယ်။

အာဏာပိုင်တွေရဲ့ သတ္တိက ဒီမှာတင် ရပ်မသွားပါ။ စစ်ကြောရေးစခန်းမှာ နှိပ်စက်ခံထားရတဲ့သူ့ပုံကို သတင်းစာ၊ ရုပ်သံတို့မှာ ထုတ်ပြပါသေးတယ်။ ဦးမြင့်အေးဟာ ဗုံးဖောက်ခွဲတဲ့ အကြမ်းဖက်သမားပါ ဆိုပဲ။

မြန်မာပြည်က နိုင်ငံရေးလုပ်သူတွေကိုရော မလုပ်သူတွေကိုပါ လက်ကုန် နှိပ်ကွပ်ရာမှာ ထင်ရှားခဲ့တဲ့ စစ်ထောက်လှမ်းရေး ခေါင်းဆောင်ကြီး ဦးခင်ညွန့် ဇန်န၀ါရီ ၁၃ မှာ လွတ်လာပါပြီ။

အကြမ်းဖက်ခံရသူ ဦးမြင့်အေးကတော့ မလွတ်သေးပါ။

ဒီမိုကရေစီသံကောင်းဟစ်ချင်ရင်လည်း ဟစ်ပါ၊ ဦးမြင့်အေး ဆက်ပြီး အထိန်းသိမ်းခံနေရတာတော့ သဘာဝ မကျပါ။

ဦးမြင့်အေးကို ချက်ချင်း လွှတ်ပါ။

Aug 30, 2011

Than Than Htay in prison

မသန်းသန်းဌေး (Freed 12th October 2011)
သားကြီး (AAPP)

သြဂုတ် ၂၄၊ ၂၀၁၁


၈၈ ကို ဖြတ်သန်းခဲ့ကြတဲ့ ရဲဘော်ရဲဘက်တို့ကြားမှာ အကြည့်ဌေး လို့ ခေါ်ခံရသူဖြစ်တဲ့ မသန်းသန်းဌေးဟာ ၁၉၈၈ မှာ ဒုတိယနှစ် ဓာတုဗေဒ အဓိက ဘာသာရပ်နဲ့ ကျောင်းတက်နေရင်း ၁၉၈၈ မတ်လ ရန်ကုန်တက္ကသိုလ် တွင်း ဆန္ဒပြပွဲများမှ စလို့ ကျောင်းသားလှုပ်ရှားမှုများ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုများအတွင်း ပါဝင်လာခဲ့သူဖြစ်ပါတယ်။

အကြည့်ဌေးဟာ ဗကသ အဖွဲ့ဝင်။ လူ့ဘောင်သစ် အဖွဲ့ဝင်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် အဖြစ် ကျောင်းသားလှုပ်ရှားမှုများ၊ ကျောင်းသားဆန္ဒပြပွဲများ နဲ့ မြန်မာပြည်ဒီမိုကရေစီရေး လှုပ်ရှားမှုတွေမှာ စိတ်ရောကိုယ်ပါ တက်ကြွစွာအားပေး ပါဝင်ခဲ့သူပါ။

Jul 31, 2011

Win Maw (Shwe Than Zin)

ကျောက်ဖြူထောင်ထဲက ဂီတသမား ကိုဝင်းမော်


၁၉၈၈ မတိုင်ခင်က “Computer Control” အမည်ရှိ တီးဝိုင်းမှာ လိဒ် ဂစ်တာသမား တစ်ယောက် အဖြစ် ရှိနေခဲ့တဲ့သူ။
“ရွှေသံစဉ်” ဂစ်တာဝိုင်းကို ဦးဆောင်ခဲ့သူ။ ၈၈ အရေးတော်ပုံကြီးထဲမှာ အနုပညာသည်အုပ်စုတွေနဲ့ ပါဝင်ခဲ့သူပါ။

၁၉၉၆ ခုနှစ် နိုဝင်ဘာလမှာ ဒေါ်အောင်ဆန်းစုကြည် ကို အားပေး ထောက်ခံတဲ့ သီချင်းတွေ ဆိုတဲ့အတွက် ပုဒ်မ ၅(ည) နဲ့ ထောင်၇ နှစ် ချခံရပါတယ်။
တောင်ငူထောင် နေထိုင်ရစဉ် ဘ၀တူ ရဲဘော်များရဲ့ အချစ်ခင်ရဆုံး ပုဂ္ဂိုလ်တယောက်လည်း ဖြစ်ခဲ့ပါတယ်။
စိတ်ရှည်တယ်၊ သည်းခံတတ်တယ်၊ ညှာတာတယ်၊ ရပ်တည်ချက်ရှိတယ် ဆိုတာ ကိုဝင်းမော်ရဲ့ အရည်အချင်းတွေပါပဲ။ ရသမျှ သစ်တို သစ်စလေးတွေနဲ့ ဂစ်တာတလက် ဖြစ်အောင် ဖန်တီးပြီး နိုင်ငံရေး အကျဉ်းသား ညီငယ်တွေကို ဂစ်တာတီး သင်ပေးရင်း ကိုယ်ပိုင် သီချင်းလေးတွေကို ရေးဖွဲ့ခဲ့ပါသေးတယ်။
ထောင်တွင်း ရှာဖွေရေး လာချိန်မှာတော့ ဂစ်တာလေးကို တစစီ ဖြုတ်ရ၊ ဖွက်ရ၊ ပြီးမှ ပြန်ဆင်ရတာပေါ့လေ။

၂၀၀၂ နိုဝင်ဘာမှာ ထောင်က လွတ်ပါတယ်။ မိသားစုဘ၀ကို ကြိုးစား တည်ဆောက်ရင်း “အလင်္ကာ” ဆိုတဲ့ ဂစ်တာဝိုင်းတခု ပြန်ပြီး ထူထောင်ခဲ့ပါတယ်။
ဖခင်ကြီး၊ ဇနီး၊ သားသမီး ၄ ယောက်ကို တာဝန်ယူ ဦးဆောင်နေသူ ဖြစ်ပေမယ့်လည်း နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ တွေ့ဆုံလို့ မြန်မာပြည်ရဲ့
လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးတို့အတွက် ဆွေးနွေး၊ အကြံပေးသူပါ။

၂၀၀၇ စက်တင်ဘာ သံဃာ့လှုပ်ရှားမှု ဖြစ်လာချိန်မှာတော့ ကိုဝင်းမော်ဟာ စစ်အာဏာရှင်တွေရဲ့ ရက်စက် ကြမ်းကြုတ်မှု၊ ဘာသာတရားအပေါ် စော်ကားမှု၊ လူမဆံမှုတွေကို ဒီမိုကရက်တစ် မြန်မာ့အသံကနေ ကမ္ဘာသိအောင် တင်ပြနိုင်ခဲ့သူ တဦး ဖြစ်လာပါတယ်။

၂၀၀၇ နိုဝင်ဘာ ၂၇ ရက်နေ့မှာ သူ ဖမ်းဆီးခံရ၊ စစ်ကြောရေးကာလတွင်း ပြင်းပြင်းထန်ထန် နှိပ်စက်ခံရပါတယ်။
ဒီတခါတော့ ထောင် ၁၄ နှစ် ချခံရပါတယ်။ သူ အခု ကျောက်ဖြူထောင်မှာ ရောက်နေပါတယ်။
ဂစ်တာသမား၊ အနုပညာသမားက ဖိနှိပ်မှုကို ဆန့်ကျင်၊ လွတ်လပ်မှုကို အမြဲ လိုလားနေဆဲပါ။

“ကိုဝင်းမော် တယောက် ဖခင်ကြီး၊ ချစ်တဲ့ဇနီး၊ သားသမီးများနဲ့ အမြန်ဆုံး ပြန်လည် ဆုံတွေ့နိုင်ပါစေ။”

သားကြီး (AAPP)

Jul 13, 2011

my friend Myo Min Htike

၂၂ နှစ်အရွယ်မှာ ထောင် ၅၉ နှစ် ကျသွားတဲ့ သူငယ်ချင်း

စာဖတ်၊ ဂီတာတီး၊ သီချင်းရေးတာ ၀ါသနာ ပါတဲ့ ကိုမျိုးမင်းထိုက်ဟာ ဒီမိုကရေစီ ရရှိရေးကို ဆောင်ရွက်နေစဉ်မှာပဲ အထိန်းသိမ်းခံနေရပါတယ်။ ၁၉၈၈ အရေးတော်ပုံမှာ သူ ၁၂ နှစ် ရှိပါပြီ။ အဲဒီတုန်းက ရန်ကုန် မြို့မကျောင်း ကျောင်းသားများ သမဂ္ဂမှာ ပါဝင်ခဲ့ပါတယ်။ တက္ကသိုလ်ကျောင်းသားဘ၀မှာလည်း သမဂ္ဂလှုပ်ရှားမှုတွေနဲ့ မကင်းကွာပါဘူး။

လုပ်ဖော်ကိုင်ဖက်တွေကို ကူညီသူ၊ အများအတွက် စွန့်လွှတ် အနစ်နာခံခဲ့သူပါ။ လူအထင်ကြီးဖို့ ဆိုတဲ့ ရည်ရွယ်ချက် သူ့မှာ မရှိခဲ့ပါဘူး။ သူငယ်ချင်းတွေကို ချစ်တယ်။ ကိုယ်လုပ်တဲ့ အလုပ်ပေါ်မှာ သစ္စာရှိတယ်။ သူယုံကြည်တာကို သူနိုင်သလောက် လုပ်သွားခဲ့တယ်။ လမ်းတ၀က်မှာ လှည့်မပြန်သွားခဲ့ပါဘူး။ လက်နက် မချခဲ့ဘူး။

၁၉၉၈ ခုနှစ်မှာ ဗကသများ အဖွဲ့ချုပ်က တခြား ကျောင်းသားအဖွဲ့ အစည်းတွေနဲ့ ဆက်သွယ်ပြီး ဆန္ဒပြ တောင်းဆိုဖို့ လုပ်တဲ့အခါမှာ ကိုမျိုးမင်းထိုက် ဦးဆောင် ပါဝင်ခဲ့တယ်။ ရန်ကုန်မှာ ဆန္ဒပြကြတယ်။ နောက်တလမှာ သူ အထိန်းသိမ်းခံရပြီး မကြာခင်မှာပဲ သူကိုင်တိုင် တိတိကျကျ မသိရတဲ့ အမှုတွေနဲ့ ထောင်ဒဏ် စုစုပေါင်း ၅၉ နှစ် ချခံလိုက်ရတယ်။

အခုဆိုရင် သူ့အသက် ၃၅ နှစ် ရှိသွားပါပြီ။ မြင်းခြံထောင်မှာ ရှိနေပါတယ်။ ကိုမျိုးမင်းထိုက်တို့လို့ အညတရ သူရဲကောင်းတွေကို မမေ့ဖို့ လိုသလို သူတို့ကို ထောက်ပံ့ပေးနေရတဲ့ မိသားစုတွေကိုလည်း ချီးကျူးသင့်ပါတယ်။

သူ့အဖေဟာ သူ နိုင်ငံရေးလုပ်ခဲ့တဲ့၊ ထောင်ကျခံနေတဲ့ ကာလတွေမှာ စိတ်ပိုင်းဆိုင်ရာအရ အများကြီး အားပေးခဲ့ပါတယ်။ ၄၀၁ လို့ ခေါ်တဲ့ ခံဝန်ချက်မှာ လက်မှတ်ထိုးပြီး ထောင်ထဲက ထွက်လာတာမျိုးကိုလည်း သူ့အဖေက မလိုလားပါဘူး။

စိုးအောင်နိုင်

Jun 25, 2011

Phyo Phyo Aung



Hip Hop ကြိုက်တဲ့၊ မောင်လမြိုင်ထောင် ရောက်နေတဲ့ မဖြိုးဖြိုးအောင်
(FREED - 12th October 2011)
သားကြီး(AAPP)
ဇွန် ၂၅၊ ၂၀၁၁


၂၀၀၇ ခုနှစ် ဗကသ ပြန်ဖွဲ့ရာမှာ ခေါင်းဆောင်တဦး၊ အဖွဲ့ဝင်တဦး အနေနဲ့ ပါဝင်သူ မဖြိုးဖြိုးအောင်(ခေါ်) မနှင်းပွင့်ဝေဟာ အဲဒီအချိန်က နည်းပညာ တက္ကသိုလ် မြို့ပြအင်ဂျင်နီယာ ကျောင်းသူပါ။
၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကာလ ဗကသ လှုပ်ရှားမှုတွေကြောင့် အာဏာပိုင်များ လိုက်လံဖမ်းဆီးလို့ မဖြိုးဖြိုးအောင် တိမ်းရှောင်ရပါတယ်။
၂၀၀၈ နာဂစ်ဒေသကို ကူညီဖို့ ပုန်းနေရာက ထွက်ပြီး သူငယ်ချင်းများနဲ့အတူ ဖခင်ဖြစ်သူရဲ့ဦးဆောင်မှုနဲ့ အစားအစာ ဝေငှခြင်း၊ တလကျော်ကြာ ဥပက္ခောပြုခံထားရတဲ့ ရုပ်အလောင်းများ ရှင်းလင်း မြှုပ်နှံခြင်းတွေ လုပ်ခဲ့ပါတယ်။
ဧရာဝတီတိုင်း အပြန်လမ်းမှာ သူတို့ အားလုံး အဖမ်းခံရပြီး မဖြိုးဖြိုးအောင် ထောင် ၄ နှစ် ကျပါတယ်။ မော်လမြိုင်ထောင် ရောက်ပါတယ်။ ဖခင်က ဖားအံထောင် ရောက်ပါတယ်။ မိသားစုက ၂ နေရာ ခွဲပြီး ထောင်ဝင်စာ တွေ့ရတာပါ။
ဖခင်ဖြစ်သူက မကြာခဏ ထိန်းသိမ်းခံရသူပါ။ ၁၉၈၉ မှာ ဒေါက်တာနေ၀င်း ထောင် ၁၅ နှစ် ချခံရချိန်မှာ မဖြိုးဖြိုးအောင်ဟာ တနှစ်သမီးပဲ ရှိပါသေးတယ်။ မိခင်ရဲ့ သွန်သင်မှု၊ ဖခင်ရဲ့ ထောင်ဝင်စာ သံဇကာတွေ ကြားက ဆုံးမမှုတွေနဲ့ ကြီးပြင်းခဲ့ပြီး ပညာ ကြိုးစား သင်ပါတယ်။ ပညာရေး အခွင့် အလမ်းတွေကိုလည်း မပြည့်စုံတဲ့ မိသားစု ဘ၀ထဲက ခက်ခက်ခဲခဲ ရှာဖွေရပါတယ်။
ဖခင် ဒေါက်တာနေ၀င်းက ဒီနှစ် မေလမှာ ပြန်လွတ်လာပါပြီ။ မဖြိုးဖြိုးအောင် ကတော့ မော်လမြိုင် ထောင် အတွင်း ကြမ်းတမ်း ခက်ခဲမှုတွေကို ယုံကြည်ချက်နဲ့ ကျော်ဖြတ်ဆဲပါ။
ဟစ်ပ်ဟော့နဲ့ ပေါ့ပ် ဂီတကို နှစ်သက်တဲ့၊ အင်္ဂလိပ်စာ၊ ကွန်ပြူတာ ဘာသာရပ်တို့ကို အထူး စိတ်ဝင်စားတဲ့၊ အများ အကျိုးဆောင်ရွက်တဲ့ မဖြိုးဖြိုးအောင် မိသားစုနဲ့ အမြန်ဆုံး ပြန်လည် ဆုံဆည်းပါစေ။

မဖြိုးဖြိုးအောင် လွတ်မြောက်ရေး လှုံ့ဆော်နေသူတဦး
enigmaimages.wordpress.com

Jun 4, 2011

Honney Oo

မဟန်နီဦး
ဇွန် ၅၊ ၂၀၁၁


ဒဂုံတက္ကသိုလ် ဥပဒေ နောက်ဆုံးနှစ် ကျောင်းသူတဦး ဖြစ်ပြီး ၂၀၀၇ သြဂုတ်လ (၂၈) ရက်နေ့မှာ ပြန်လည် ဖွဲ့စည်းခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်များထဲက တယောက် ဖြစ်ပါတယ်။

ဖခင်ဖြစ်သူ ဦးထွန်းဦး ဟာလည်း ထောင် ၂ ကြိမ်ကျခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း၊ ရှေ့နေ တဦးလည်း ဖြစ်ပါတယ်။

၂၀၀၇ ခုနှစ်မှာ မဟန်နီဦးက သူ အင်္ဂလိပ်စာသင်တန်းတက်နေတဲ့ အမေရိကန်စင်တာရဲ့ စာကြည့်တိုက် အဖွဲ့ဝင် တဦး ဖြစ်ခဲ့ပါတယ်။ အဲဒီမှာ နိုင်ငံရေး နဲ့ ဒီမိုကရေစီအကြောင်း စာအုပ်တွေ ဖတ်ရှု လေ့လာကြ အပြန်အလှန် ဆွေးနွေး ဖလှယ်ကြ၊ ၈၈ မျိုးဆက် ကျောင်းသားများနဲ့ တွေ့ဆုံ ဆွေးနွေး စကားပြောကြရင်း မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး အခြေအနေတွေကို ပိုမို သိမြင်လာခဲ့ပါတယ်။

၂၀၀၇ စက်တင်ဘာ သံဃလှုပ်ရှားမှုများ အတွင်းမှာ ဗကသများ အဖွဲ့ချုပ်ဟာ ပြည်သူ့ရှေ့က မားမားရပ်လို့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို တောင်းဆို လှုပ်ရှားခဲ့ပြီးနောက် အာဏာပိုင်တွေရဲ့ လိုက်လံ ဖမ်းဆီးမှုတို့ကြောင့် ဗကသ ခေါင်းဆောင်များ တိမ်းရှောင်နေခဲ့ရပါတယ်။

မဟန်နီဦး၊ ကိုကျော်ကိုကို၊ ကိုစည်သူမောင်တို့ ရှောင်ပုန်းနေတဲ့အိမ်ကို ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ နေ့လယ် ၃ နာရီလောက်မှာ လုံခြုံရေးတပ်ဖွဲ့များက အင်အား အလုံး အရင်းနဲ့ ၀င်ရောက် စီးနင်းခဲ့ပါတယ်။ ၂ ယောက် အဖမ်းခံခဲ့ရပြီး ကိုကျော်ကိုကို ကတော့ အနီးပတ်ဝန်းကျင်မှ ပြည်သူများရဲ့ အကူအညီနဲ့ လွတ်သွားတယ်လို့ သိရပါတယ်။

မဟန်နီဦးကို ကျောင်းသားသမဂ္ဂမှာ ပါဝင်မှု၊ နိုင်ငံခြား သတင်းဌာနများနဲ့ ဆက်သွယ်မှု၊ ၂၀၀၇ စက်တင်ဘာ ၂၅၊ ၂၆ ရက်နေ့ တို့မှာ မင်္ဂလာဈေး ကနေ နတ်မောက်လမ်းအထိ လမ်းလျှောက်ဆန္ဒပြမှု၊ ယုဇနပလာဇာမှာ ဆန္ဒပြမှု တို့မှာ ပါဝင်မှု စတာတွေနဲ့ တရားစွဲခံခဲ့ရပါတယ်။

တကယ်တော့ မဟန်နီဦးက စက်တင်ဘာ ၂၅ မှ ၂၆ ရက်နေ့ တို့မှာ ဒဂုံတက္ကသိုလ် နောက်ဆုံးနှစ် ဥပဒေ စာမေးပွဲကို ဖြေဆိုနေတာပါ။ တက္ကသိုလ် တာဝန်ရှိသူတွေက မဟန်နီဦးသည် အဲဒီအချိန်က စာမေးပွဲခန်းထဲ ရှိနေတယ် ဆိုတာ မှန်ကန်ကြောင်း ထောက်ခံစာ မရေးပေးခဲ့ပါဘူး။ သက်သေခံ ပြောဆိုပေးဖို့လည်း ငြင်းခဲ့ပါတယ်။

သက်သေ ထင်ရှားစွာ မပြနိုင်ဘဲ မဟန်နီဦးကို
၁။ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၄၃ နှင့် ဆန့်ကျင်သော အစုအဝေး၌ ပါဝင်သူ ဖြစ်ခြင်း
၂။ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၄၅ လူစုခွဲရန် အမိန့် ပေးပြီးကြောင်း သိပါလျက် ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေး၌ ပါဝင်ခြင်း (သို့မဟုတ်) ဆက်လက် ပါဝင်ခြင်း
၃။ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၃၄ (က) နိုင်ငံတော် အကြည်အညို ပျက်အောင် ပြုလုပ်ခြင်း
၎။ အသင်းအပင်း ဖွဲ့စည်းခြင်း ဆိုင်ရာ ဥပဒေ ပုဒ်မ ၆
တို့နဲ့ တရားစွဲပြီး ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ထောင် ၉ နှစ် ၆ လ ချမှတ်ခဲ့ပါတယ်။

နိုဝင်ဘာလ ၂၄ ရက်နေ့မှာ မဟန်နီဦး ကို ထောင်ပြောင်းလိုက်ပါတယ်။ ရန်ကုန်မြို့ အင်းစိန်ထောင်ကနေ သူ့မိသားစုနဲ့ ၆၀၇ မိုင် ကွာဝေးတဲ့ လားရှိုးထောင်ကို ပြောင်းလိုက်တာပါ။

ကျောင်းသူ ကျောင်းသား၊ လူငယ် လူရွယ်တွေကို ငဲ့ညှာ ထောက်ထားမှု မရှိဘဲ ကြီးလေးတဲ့ ထောင်ဒဏ်တွေ ချမှတ်ပြီး မိသားစုနဲ့ဝေးရာ အကျဉ်းထောင်တွေကို ရွေ့ပြောင်းတဲ့နည်းနဲ့ စစ်အာဏာရှင်တွေက သူတို့ရဲ့ ရက်စက်တဲ့ သရုပ် သဏ္ဌာန် အစစ် အမှန်ကို ပြသလိုက်တာပဲ ဖြစ်ပါတယ်။

မဟန်နီဦး တယောက် မိသားစုရဲ့ ရင်ခွင်ကို အမြန်ဆုံး ပြန်လည် ရောက်ရှိပါစေ။

သားကြီး (AAPP)

May 20, 2011

Aye Thida, a Burmese journalist in prison

ထောင် ၁၈ နှစ် ကျနေတဲ့ သတင်းသမား မအေးသီတာ
(FREED 12th OCTOBER 2011)


အင်တာနက်ဂျာနယ်၊ 7Day News ဂျာနယ် တို့မှာ လုပ်ကိုင်ခဲ့တဲ့ မအေးသီတာဟာ ဒဂုံတက္ကသိုလ်က ဘောဂဗေဒဘွဲ့ ရထားသူ ဖြစ်ပါတယ်။ ငှက်ပျောသီးဇော်ဝင်းလို့ လူသိများတဲ့ ပန်းချီဆရာ ဦးဇော်ဝင်းရဲ့ သမီးပါ။

၂၀၀၅ ခုနှစ် ၈၈ မျိုးဆက်ကျောင်းသားများရဲ့ လှုပ်ရှားမှုတွေမှာ လွပ်လပ်မှု၊ ငြိမ်းချမ်းမှု တို့ကို လိုလားသူတဦး အနေနဲ့ ပါဝင် ဆောင်ရွက်ခဲ့ပါတယ်။
၂၀၀၇ စက်တင်ဘာ သံဃာ အရေးအခင်းအပြီး အောက်တိုဘာ ၁၄ ရက်နေ့မှာ စစ်ထောက်လှမ်းရေး အဖွဲ့များက သူ့ကို နေအိမ်မှာ သွားဖမ်းကြပါတယ်။ စစ်ကြောရေးစခန်း၊ အင်းစိန်ထောင်တို့မှာ ချုပ်ထားပြီး ဒီဇင်ဘာမှာ ဆက်သွယ်ရေး အက် ဥပဒေ ပုဒ်မ ၃၃(က)နဲ့ ၇ နှစ် ချလိုက်ပါတယ်။
၂၀၀၈ နိုဝင်ဘာမှာတော့ အမျိုးသား ညီလာခံ ကာကွယ်သည့် ဥပဒေ ပုဒ်မ ၅(၉၆)၊ အစိုးရကို အကြည်ညို ပျက်စေသည့် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(ခ)၊ အသင်း အဖွဲ့ ဆိုင်ရာ ဥပဒေ ပုဒ်မ(၆) တို့နဲ့ ၁၁ နှစ် ထပ်ချပြန်တယ်။ ရန်ကုန်နဲ့ မိုင်၁၀၀ ကျော်ဝေးတဲ့ ဟင်္သာတထောင်ကို ရက်ပိုင်းအတွင်း ပြောင်းလိုက်ပါတယ်။
မိသားစုက ဒီသတင်း မရလိုက်တဲ့ အတွက် လိုအပ်တဲ့ ဆေးဝါး၊ အ၀တ်အစား၊ စောင်၊ စားစရာ တို့ကို ထည့်မပေးနိုင်ခဲ့ပါဘူး။ ကာလအတော်ကြာမှာ အဆက်အသွယ် ပြန်ရတော့လည်း နယ်ဝေးထောင် ဖြစ်တဲ့အတွက် မိသားစုက တခါတရံမှပဲ ထောင်ဝင်စာ သွားတွေ့နိုင်ကြပါတယ်။
မအေးသီတာဟာ မိမိရဲ့ ယုံကြည်ချက်နဲ့ ရပ်တည်မှုအတွက် ကြမ်းတမ်းလှတဲ့ ထောင်တွင်း နေထိုင်မှု ဘ၀ကို ကြံ့ကြံ့ခံလို့ ကျော်ဖြတ်နေဆဲပါ။
ဟင်္သာတ အကျဉ်းထောင်ထဲက မအေးသီတာ အမြန်ဆုံး လွတ်မြောက်ပြီး မိသားစုနဲ့ ပျော်ရွှင်စွာ ဆုံဆည်းနိုင်ပါစေ။
သားကြီး (AAPP)

Apr 8, 2011

Nay Phone Latt


သူငယ်ချင်း နေဘုန်းလတ်
ဂျစ်တူး
ဧပြီ ၉၊ ၂၀၁၁


ဘလော်ဂါနေဘုန်းလတ် ထောင်ဒဏ် အနှစ် ၂၀ နှင့် ၆ လ ချမှတ်ခံရသည့် ၂၀၀၈ ခုနှစ်က ရေးသားခဲ့ခြင်း ဖြစ်သည်။ ၂၀၀၉ တွင် ထောင်ဒဏ် ၁၂ နှစ်သို့ ပြောင်းလဲသွားသည်။ (photo: minnyoonthit)

နေဘုန်းလတ်ကို ထောင်ချပြီးတည်းက သူ့သတင်းတွေကို အင်တာနက်မှာ တွေ့နေရတယ်။ တချို့က မှန်တယ်၊ တချို့က မမှန်ဘူး။ မမှန်တာတွေ ရေးထားတာကို ဖတ်ရတိုင်း ... အနှစ် ၂၀ စွန်း ဆိုတာကို ရင်ဆိုင်နေရသူအတွက် အချက်အလက် အမှန်တွေ ရေးဖို့ အားထုတ်သင့်တယ်။ တကယ်တော့ ခုလို ထောင်ချခံရလိမ့်မယ်လို့ ကျွန်မတို့ အားလုံး လုံးဝ မထင်မှတ်ခဲ့မိဘူး။ နေဘုန်းလတ် ကိုယ်တိုင်တောင် ထင်မိခဲ့လိမ့်မယ် မဟုတ်ဘူး။

ကျွန်မ အမြင်မှာတော့ ဗိုလ်ချုပ်ကြီးတွေဟာ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် သူတို့ ရှေ့မှာရှိတဲ့ သူတို့အတွက် ဆူးညှောင့်ခလုတ်တွေ အားလုံးကို ဖယ်ရှားလိုက်တာပါပဲ။ အင်တာနက် ရေစီးကြောင်းပေါ်မှာတော့ နေဘုန်းလတ်ဟာ ပထမဆုံးသော ဓားစာခံ ဖြစ်သွားတယ်။ ဗိုလ်ချုပ်ကြီးတွေဟာ သူ့ကိုသုံးပြီး တခြားသူတွေကို အနှစ် ၂၀ ဆိုတာနဲ့ ခြိမ်းခြောက်လိုက်သလိုပဲ။ ဘလောဂ့်စာမျက်နှာပေါ်မှာ တင်လိုက်မယ့် ကျွန်မတို့ရဲ့ အတွေးတိုင်းမှာ အဲဒီ အနှစ် ၂၀ ဆိုတာကြီး ကပ်ပါနေအောင် အကွက်ဆင်လိုက်တာ ဖြစ်ကောင်းဖြစ်နိုင်မယ်။ ဒါပေမယ့် ကျွန်မ အတွက်တော့ အဲဒီ အနှစ် ၂၀ ဆိုတာ အသက် ၂၀ ကျော် ကောင်လေးတယောက်အတွက် ယူကျုံးမရ ဖြစ်စရာ၊ စိတ်ထဲ ဒေါသထွက်စရာ မခံချင်စရာပဲ။

ကျွန်မသိတဲ့ နေဘုန်းလတ်ဆိုတာ အမှန်တရားကို ချစ်မြတ်နိုးတဲ့၊ လွတ်လပ်မှုကို ခုံမင်တဲ့၊ အမှန်တရားဘက်က ရပ်တည်မယ်ဆိုတဲ့ ခံယူချက်နဲ့ ရင့်ကျက်တဲ့ အတွေးအခေါ်တွေကို လက်ကိုင်ထားတဲ့ သာမန်လူငယ်တယောက်ပဲ။ သူဟာ ပရဟိတတွေဘက်မှာလည်း အားကြိုးမာန်တက် ပါဝင်ခဲ့တဲ့ လေးစားစရာ လူငယ်တယောက်လည်း ဖြစ်တယ်။ သူ့အတွေးတွေထဲမှာ သူချစ်တဲ့ စာပေအနုပညာ ဓာတ်ပုံပညာတွေလည်း စီးဆင်းနေတယ်။ သူဟာ လူငယ်စိတ်နဲ့ ပေါ့ပါး လွတ်လပ်စွာ နေထိုင် သွားလာတတ်တယ်။ သူ့ဘလောဂ့်တွေကို သူနှစ်သက်တဲ့ အနုပညာနဲ့ ပတ်သက်တာတွေနဲ့ ဖန်ဆင်းထားတယ်။ သူဟာ ကျွန်မ ခင်မင် ယုံကြည်မိတဲ့ သူငယ်ချင်းတွေထဲက တယောက် ဖြစ်တယ်။

နေဘုန်းလတ်ကို ကျွန်မတို့ သိကြတယ်။ သူ့အတွက် ခံစားကြရတယ်။ တကယ်တော့ ကျွန်မတို့ မသိတဲ့လူတွေ ဘယ်နှစ်ယောက်တောင် ဒီလို ယုတ္တိ မရှိတဲ့ ဂဏန်းတွေထဲ အာဏာရှင်တွေရဲ့ လက်ခုပ်ထဲကရေ ဖြစ်ခဲ့ကြပြီးပြီလဲ ... ဘယ်အထိ ဖြစ်ရဦးမလဲ။

http://freenpl.blogspot.com
http://ppmoemaka.blogspot.com

Mar 15, 2011

Mya Aye

ကိုမြအေး
သားကြီး(AAPP)
မတ် ၁၄၊ ၂၀၁၁


စ ဆုံဖူးတာက ရန်ကုန်တက္ကသိုလ်မှာ စတည်တဲ့ ဘွဲ့ရကျောင်းသားဟောင်းများ သမဂ္ဂမှာ၊ ၈၈ အရေးတော်ပုံကြီးထဲမှာ သူက တက်တက်ကြွကြွ။ နောက်တော့ မောင်ထော်လေးလမ်းထဲက ဂေါ်ဇဒါ (GOSDA) လို့ အလွယ် ခေါ်ကြတဲ့ ဘွဲ့ရ ကျောင်းသားဟောင်းများ အဖွဲ့။ အဲဒီတုန်းက ကျောင်းသားတွေ ဆုံရပ်မှာပေါ့- နောက်ပိုင်း စုစုဝေးဝေး ပြန်ဆုံကြတော့ ၁၉၉၀ ဧပြီ အင်းစိန်ထောင် ၅ ဆောင်မှာ။

သူက မြောက်ပိုင်း ABSDFနဲ့ ဆက်သွယ်မှု အပါအ၀င် စာအုပ်စိမ်း လို့ ခေါ်တဲ့ အုပ်စုနဲ့ အတူ ပုဒ်မ ၅ည။ ၁၇/၁ နဲ့ ထောင် ၈ နှစ် ကျနေချိန်။ ၁၉၉၀ မေဒေးနေ့မှာ အကျဉ်းသား အခွင့်အရေး တောင်းဆိုကြတော့ ထောင်စည်းကမ်း ဖောက်ဖျက်တယ် ဆိုပြီး ဦးဆောင်သူ ကိုမြအေးကို ထောင်အထူးအရာရှိ ဦးဘိုကြည်က စီးထားတဲ့ သားရေဖိနပ်နဲ့ ပါးရိုက်ပြီး အပြစ်ဒဏ် ပေးခဲ့တယ်။ နောက် အားလုံးကို လူစုခွဲ။ ထောင်ဝင်စာတွေ ပိတ်တဲ့သူပိတ်။

ဒီနောက် အသီးသီး ထောင်တွေပြောင်းခဲ့ကြ။ ဝေးခဲ့ကြ။ သူလွတ်၊ ကိုယ်ပြန်ဝင်။ ထောင်သံသရာထဲမှာ ဖြတ်သွား ဖြတ်လာ။ သူက တောင်ငူထောင်က လွတ်ပြီး မိသားစု စီးပွားရေး၊ မိသားစုဘ၀ကို တည်ဆောက်နေရင်း ၈၈ အုပ်စုတွေနဲ့ မစိမ်း။ နိုင်ငံရေးလောကနဲ့ မပြတ်။ လူမှုရေးပွဲတွေ သွားလာ သတင်းမေး၊ အထဲရောက်နေသူတွေကို လက်လှမ်းမှီသလောက် ကူညီရင်းနဲ့ပေါ့။

၈၈ မျိုးဆက်ကျောင်းသားတွေ ပြန်စုစည်းမိကြတော့ သူငယ်ချင်းဟောင်းတွေ ပြန်ဆုံဆည်းဖို့၊ သမီး ၁၀ တန်း အောင်တဲ့ အထိမ်းအမှတ် ပွဲလေး လုပ်ဖို့ ကန်တော်ကြီးစောင်းက စိတ်တိုင်းကျ လ္ဘက်ရည်ဆိုင်မှာ စီစဉ်တော့ SB က ခွင့်မပြု။ ကန့်သတ် ချုပ်ချယ်မှုတွေက နိုင်ငံရေး အကျဉ်းသားဟောင်းတွေပေါ် အမြဲ ရှိနေတာကိုး- အဲဒီနောက်တော့ ၈၈ မျိုးဆက်တွေနဲ့ ပြန်လက်တွဲရင်း အားလုံးကို စုစည်းနိုင်ဘို့ စိတ်ရှည်ရှည်နဲ့ စည်းရုံး ဖိတ်ခေါ်၊ ဆွဲခေါ်ခဲ့သူပါ။

ကိုမြအေးက စိတ်ရှည်တယ်။ သည်းခံတတ်တယ်။ ကူညီတတ်တယ်။ အစ္စလမ် ယုံကြည် ကိုးကွယ်ပေမဲ့လည်း မြန်မာပြည် ဒီမိုကရေစီအရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးတွေ အတွက် ဘာသာရေး ဆုတောင်းပွဲတွေက အစ တက်တက်ကြွကြွ ဆောင်ရွက်ခဲ့သူပါ။

မိသားစုရဲ့ စီးပွားရေး ဖြစ်တဲ့ ကားဂိတ် လုပ်ငန်းလဲ အပိတ်ခံရတယ်။ စစ်အုပ်စုက နိုင်ငံရေး အကျဉ်းသားဟောင်းတွေကို စီးပွားရေး လုပ်ခွင့်က အစ ကန့်သတ်ထားကြတာ။

၂၀၀၇ သြဂုတ်လအတွင်း လောင်စာဆီ ဈေးတက်တာကို ၈၈ မျိုးဆက်တွေနဲ့ အတူ ဆန့်ကျင် ဆန္ဒပြ လမ်းလျှောက်ခဲ့တယ်။ ဒါကြောင့် ထပ်အဖမ်းခံရပြီး ထောင်ဒဏ် ၆၅ နှစ်နဲ့ ၆ လ ချမှတ် ခံရပါတယ်။ အင်းစိန်ကနေ မိသားစုနဲ့ အလှမ်းကွာဝေးတဲ့ လွိုင်ကော်ထောင် ရောက်သွားပြီး နောက်ဆုံး တောင်ကြီးထောင်ကို ပြောင်းရွှေ့ခံရပါတယ်။

သားကြီး (AAPP)

photo: BCUK

ကိုမြအေးရဲ့သမီး မဝေနှင်းပွင့်သုန် ဟာ ယခုအခါ Burma Campaign UK မှာ ပါဝင်လို့ မြန်မာပြည် ဒီမိုကရေစီအရေး အတွက် တက်ကြွစွာ ဆောင်ရွက်နေပါတယ်။

ကိုမြအေးတို့ မိသားစု အမြန်ဆုံး ပြန်လည် ဆုံဆည်း၊ ပျော်ရွှင်ကြပါစေ။

Feb 21, 2011

Zaw Ye Win



တောင်ငူထောင်ထဲက ဇော်ရဲဝင်း 
(Freed on 12th October 2011) 
သားကြီး (AAPP)
ဖေဖော်ဝါရီ ၂၁၊ ၂၀၁၁


၁၉၈၈ ကျောင်းသားလှုပ်ရှားမှုတွေ စဖြစ်တော့ သူက ဒုတိယနှစ် ရန်ကုန် စက်မှုတက္ကသိုလ်ကျောင်းသား။ မဆလ တပါတီ အာဏာရှင်တွေရဲ့ ရက်စက် လိမ်ညာ ကောက်ကျစ်မှုတွေကို ကျောင်းမှာ ကိုယ်တိုင် မြင်ခဲ့ရပြီး ကျောင်းသားလှုပ်ရှားမှုတွေထဲ ရောက်လာသူပါ။
စက်မှုတက္ကသိုလ် ကျောင်းသားသမဂ္ဂထဲ ပါဝင်ခဲ့ပြီး ကျောင်းသားတွေရဲ့အရေး၊ မိဘပြည်သူတွေ အရေး၊ မြန်မာပြည် ဒီမိုကရေစီ အရေးကို တက်ကြွစွာ ဆောင်ရွက်ခဲ့သူပါ။
၁၉၉၀ မတ်လမှာတော့ ကျောင်းသား ကိုဖုန်းမော်ကျဆုံးခြင်း ၂ နှစ်ပြည့် အခမ်းအနား ကျင်းပနိုင်ဘို့ စီစဉ်နေရင်း အဖမ်းအဆီး ခံရကာ စစ်ခုံရုံးက ထောင်ဒဏ် ၃ နှစ် ပေးတာ ခံခဲ့ရပါတယ်။
၁၉၉၂ နှစ်ကုန်ပိုင်းမှာ သာယာဝတီ ထောင်က ပြန်လွတ်လာတယ်။ ထောင်ထဲမှာ ကျန်နေတဲ့ ရဲဘော်တွေကို ကူညီနိုင်ဘို့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ အတူတူ ဈေးရောင်းပွဲလေးတွေ လုပ်ပြီး ရံပုံငွေ ရှာကြတော့လဲ တက်တက်ကြွကြွ လုပ်ကိုင်ပါဝင်ခဲ့ပါတယ်။
အဲသည့်နောက် ကျောင်းပြန်မတက်နိုင်တော့ဘဲ မိဘတွေရဲ့ စီစဉ်မှုနဲ့ စင်္ကာပူကို နှစ်အနည်းငယ်ကြာ သွားရောက် အလုပ် လုပ်ခဲ့ပါတယ်။ မိခင်ဖြစ်သူ ကွယ်လွန်သွားခဲ့လို့ သူ မြန်မာပြည်ကို ပြန်လာချိန်မှာတော့ ၁၉၉၆ ဒီဇင်ဘာ ကျောင်းသားလှုပ်ရှားမှုနဲ့ သူ့ရဲ့ အပေါင်းအသင်းဟောင်းတွေ ထောင်ထဲကို နောက်တခေါက် ပြန်ရောက်သွားခဲ့တာကိုလဲ စိတ်မကောင်းစွာဘဲ တွေ့ကြုံခဲ့ရပါတယ်။
အဲသည့်နောက်တော့ သူငယ်ချင်း ကျောင်းသားဟောင်းများ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများနဲ့ ၁၉၉၉ ကာလ အတွင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ပြန်လည် ဖွဲ့စည်းနိုင်ဖို့ ကြိုးပမ်း ဆောင်ရွက်နေချိန်မှာ စစ်အစိုးက ဖမ်းမိသွားပြီး ထောင်ဒဏ် ၁၇ နှစ် ချခံရတယ်။ အင်းစိန်ထောင်ကနေ မိသားစုနဲ့ ပိုဝေးရာ တောင်ငူထောင်ကို ပြောင်းခံရတယ်။ သူ့ရဲ့ ဖခင်ဖြစ်သူ စာရေးဆရာ ဦးဝင်းဖေ၀င်းဟာ သူထောင်ကျနေဆဲ ကာလမှာ သားကို တ ရင်း ကွယ်လွန်သွားတယ်။
မိသားစုက စားဝတ်နေရေးကြောင့် သူ့ကို ထောင်ဝင်စာ ပုံမှန် မတွေ့နိုင်ပေမဲ့လဲ ကြမ်းတမ်း ခက်ခဲလှတဲ့ အကျဉ်းထောင်တွင်း နေထိုင်မှု ဘ၀တွေကို ကိုဇော်ရဲဝင်းဟာ ကျောင်းသားစိတ်၊ ယုံကြည်ချက်စိတ်တွေနဲ့ ယနေ့တိုင် ရဲရဲဝံ့ဝံ့ ရင်ဆိုင်ကျော်ဖြတ် နေဆဲပါ။ ကိုဇော်ရဲဝင်း အမြန်ဆုံး လွတ်မြောက်ပါစေ။

Feb 13, 2011

Death sentence, helping in Nargis area and Valentine's Day


သေဒဏ်၊ နာဂစ် ကူညီမှု၊ ချစ်သူများနေ့
ကိုဝင်း
ဖေဖော်ဝါရီ ၁၄၊ ၂၀၁၁
ဇော်သက်ထွေး (photo:irrawaddy)

ဒီနေ့ ချစ်သူများနေ့။
ချစ်သူများနေ့မှာ မိသားစုနဲ့ ဝေးကွာနေသူတယောက်အကြောင်း။

“ကားလမ်း မပေါက်ဘဲနဲ့ ရွှံ့ဗွက်တွေကြားထဲက သွားရတဲ့ ရွာလေးတွေ ရှိတယ်။ အဲဒီရွာလေးကျတော့ ဒီက ရန်ကုန်က သွားလှူတဲ့လူတွေလည်း မသွားနိုင်ဘူး” ဆိုပြီး ၂၀၀၈ နာဂစ်ဒေသ အကြောင်း ပြောသွားသူကတော့ ဇော်သက်ထွေး ဖြစ်ပါတယ်။ ဒီလိုပြောပြီး သိပ်မကြာခင်မှာ အာဏာပိုင်တို့က သူ့ကို ဖမ်းပြီးတော့ ပုဒ်မမျိုးစုံနဲ့ ထောင် ၁၉ နှစ် ချလိုက်တယ်၊ နောက်ပိုင်း ၈ နှစ် လျှော့ပေးတယ် တဲ့။

ကျနော် သူ့ကို မမြင်ဖူးပါဘူး။ ၂၀၀၄ နှစ်ဆန်းပိုင်း AAPP ရုံးရောက်လာတဲ့ တရားရုံး မှတ်တမ်းတခုမှာ သူ့ကို သေဒဏ် စီရင်ချက် ချထားတယ် ဆိုတာ ဖတ်မိရာကနေ သူ့နာမည်ကို အစပြု ကြားမိပါတယ်။ အမှုက ပြည်ပ မိတ်ဆွေတယောက်နဲ့ ဖုန်း အဆက်အသွယ်လုပ်မှု။ အံ့သြစရာ။ အမှုတွဲတွေက ILO နဲ့ဆက်သွယ်သူ ရှေ့နေဦးအေးမြင့်၊ ဗိုလ်ချုပ်ကြီးများကို လုပ်ကြံမယ် ဆိုတဲ့ မွန်ပြည်သစ်ပါတီဝင်တွေ။ အမှုမှာ သက်သေခံပစ္စည်းတခုက “ILO အရာရှိရဲ့ လိပ်စာကတ်” ဆိုတော့ ILO သိအောင် လုပ်မှပဲ ဆိုပြီး ဘာသာပြန် ပို့ပေးလိုက်တယ်။

မကြာခင် အမှု ပြန်စစ်တယ်၊ သေဒဏ်တွေက ထောင်ဒဏ်တွေ ဖြစ်သွားတယ်။ ပြီးတော့ ပြန်လွတ်လာတယ်။

ဇော်သက်ထွေးက ၈ လေးလုံး နောက်ပိုင်း ဖွဲ့တဲ့ လူ့ဘောင်သစ်ပါတီမှာ လှုပ်ရှားတယ်၊ ဒါကြောင့် ထောင် ၃ နှစ် ချခံရဖူးတယ် တဲ့။ အခု သူ ရောက်နေတဲ့ အကျဉ်းထောင်ဟာ ရန်ကုန်မှာနေတဲ့ ဇနီး၊ သမီးငယ် တို့နဲ့ အလှမ်းကွာလွန်းတဲ့ တောင်ကြီးမြို့မှာပါ။ ဇနီးဖြစ်သူ ပြောပြတဲ့ သူတို့ရဲ့ ဘ၀ တစိတ်တဒေသကို ဒီလိုပါ။

“သမီးကို ဖေဖေ စာရေးပေး လိုက်တယ် တဲ့၊ လိမ်လိမ်မာမာနေ တဲ့၊ ပြန်လာရင် တိရစ္ဆာန်ရုံလိုက်ပို့မယ် တဲ့၊ ကျားကြီးတွေ ကြည့်မယ်၊ ဆင်ကြီးတွေ ကြည့်မယ်၊ သူ့သမီးက အဲဒါကို နှုတ်တိုက် ရွတ်နေတာပဲ” တဲ့။

ကိုးကားချက် DVB သတင်းများ (၁)(၂)


Jan 13, 2011

PPs in labour camps

နိုင်ငံရေးသမားနဲ့ ရဲဘက်

နိုင်ငံရေးအကျဉ်းသား တချို့ ရဲဘက်စခန်း ရောက်သွားတယ်။ ရဲဘက်စခန်းဆိုတာ ဘယ်လိုဟာမျိုးလဲ?
စိုက်ပျိုးရေး ရဲဘက်စခန်းတွေမှာ လူတွေကို နွားနေရာမှာ အစားထိုးတယ်။ ထွန်တုံး ပခုံးပေါ်တင်ပြီး လယ်ထွန်ရတယ်။ နွားသေရင် ထုချေလွှာ ရေးပြီး အစီရင်ခံရမှာစိုးရိမ်လို့ လူတွေကို ပိုပြီး ခိုင်းတယ်လို့ အကျဉ်းဦးစီးအရာရှိတွေက ဆိုတယ် တဲ့။

ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကာလ အဖမ်းခံရသူ အများအပြား ရဲဘက်ကို ရောက်သွားကြတယ်။ ဒီနေ့မှာ ရဲဘက်ရောက်နေတဲ့ နိုင်ငံရေးအကျဉ်းသား ဦးရေ ဘယ်လောက် ရှိမယ် မသိဘူး။ ရဲဘက်ကနေ အသက်ရှင်လျက် ပြန်ထွက်လာသူတွေထဲမှာ အထင်ရှားဆုံးက လူရွှင်တော် ပါပါလေး ဖြစ်ပါတယ်။ သူ့ပြောပြချက်ကို DVB က ၇-၈-၂၀၀၈ မှာ အခုလို အသံလွှင့်ခဲ့တယ်။

“ကျောက်တုံးပိတာတို့၊ ကျောက်မှန်တာတို့၊ တကယ်လက်တွေ့ပဲဗျာ။ ကျောက်လွှာတွေအပေါ်မှာ တက်သွားတယ်၊ မိုင်း ခွဲရတာပေါ့ဗျာ။ မိုင်းခွဲတော့ မိုင်းခွဲတဲ့ဒဏ်က ကျောက်တုံးတွေ ပိလာတယ်။ ကျောက်တုံး လိမ့်ကျလို့ ဖယ်ပါဖယ်ပါလို့ ခဏခဏ အော်တာဗျာ။ ကျနော်တို့မှာ ခြေကျဉ်းနဲ့ ဒေါက်နဲ့ပေါ့ဗျာ။ လမ်းသွားတာ ဒေါက်ခတ်ထားတယ်။ မချွတ်ရဘူး။ အလုပ် လုပ်လည်း အဲဒီတိုင်းပဲ။ ကျောက်ထု ကျောက်သယ်နဲ့ မှန် သေတာတွေက များတယ်၊ ယမ်းစိမ်းတွေကိုဗျ။ ခြေထောက်ကို ခိုက်မိရင်လည်း ယောင်လာတယ်။ ယမ်းစိမ်းတွေဆိုတော့ ပြည်တွေ ရှိတယ်။ အဲဒါတွေလည်း မကုရဘူး။ ဆေးကလည်း ဟန်ပြပဲဗျ။ ဒေါက်တာကလည်း လာတယ်သာ ပြောတာ၊ မကုရဘူး။ ကျနော် ကိုယ်တိုင်လည်း လွတ်အောင် ရှောင်ခဲ့ရတာပေါ့ဗျာ။ ကျနော်တို့ရှေ့တင် သေသွားတာတော့ တပတ်ကို နှစ်လောင်း၊ တခါတလေ သုံးလောင်း၊ အဲလို သေကြတယ်ဗျ။ --

အစားအသောက်ကလည်း ဆင်းရဲတယ်။ ငါးပိစိမ်းတွေပဲ စားရတာ။ အဲဒါတွေ သုံးရက်လောက် စားလိုက်ရင် ယားယံလာတယ်။ နောက် သွေးဝမ်းတွေ ကိုက်လာတယ်။ သွေးဝမ်း ကိုက်ပြီးတော့ ဒါနဲ့ သေကြတာ များတာပါပဲ။ ကျနော်တို့ (ရောက်ခဲ့တဲ့ ကချင်ပြည် ရဲဘက်စခန်း) ကျိန်ခရန်ခ မှာတော့ အဲလို အသေကို များခဲ့တယ်ဗျ။

အလုပ်ခိုင်းလို့ မလုပ်ဘူးဆိုလို့ရှိရင် ရိုက်တာများတယ်။ ကြိမ်နဲ့ ရိုက်တယ်။ အနည်းဆုံးတော့ သုံးချက်ပဲ။ ဒီအကျဉ်းသားတွေ ကိုယ်ချင်းစာတယ်။ ကိုယ်ကိုယ်နှိုက်ကလည်း သေလုမျောပါး လုပ်ခဲ့ရတာ ဆိုတော့လေ၊ မြန်မြန် လွတ်ပါစေ၊ မြန်မြန်လွတ်ပါစေလို့ ကျနော်တို့က ဆုတောင်းနေပါတယ်”

Dec 26, 2010

Nyi Nyi Oo

ကိုညီညီဦး
၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ ပါဝင် လှုပ်ရှားခဲ့ပြီး၊ NLD ဖွဲ့စည်းစမှာ သံလျင်မြို့နယ် လူငယ် အဖွဲ့ဝင်တယောက် ဖြစ်ခဲ့ပါတယ်။

အဲဒီတုန်းက သံလျင်ရေနံချက်စက်ရုံ ဗုံးကွဲတယ်။ န၀တ စစ်ထောက်လှမ်းရေးတွေက NLD ကို ပုံစံ အမျိုးမျိုးနဲ့ အပြစ်ရှာနေချိန်မို့ ဗုံးဖောက်ခွဲသူတွေဟာ ကိုညီညီဦး တို့ ဖြစ်တယ် ဆိုပြီး ဖမ်းတယ်။

နောက်ပိုင်းမှာ ကိုကိုနိုင် (၁၉၈၈ မြို့တော်ခန်းမ ဗုံးကွဲမှုကြောင့် အဖမ်းခံရသူ) က ရေနံချက်စက်ရုံ ဖောက်ခွဲမှုဟာ သူ့လက်ချက်လို့ ထွက်ဆိုပေမယ့် လူမှားဖမ်းမိတာကို ၀န်ခံရမှာ စိုးတဲ့အတွက် ကိုညီညီဦးတို့ကို ဆက်ပြီး ဖမ်းထားခဲ့တယ်။ ပြီးတော့ စစ်ခုံရုံးကနေ သေဒဏ် အပြစ်ပေးခဲ့တယ်။

အယူခံ ပြင်ဆင်ချက်တွေကို နည်းလမ်းအမျိုးမျိုးနဲ့ ပယ်ချခဲ့ပြီး ၁/၉၃ ကြေညာချက်နဲ့ သေဒဏ်ကနေ ထောင် တသက်တကျွန်း ပြောင်းလဲလိုက်တယ်။ မိသားစုနဲ့ဝေးရာ တောင်ငူထောင်ကို ရွှေ့လိုက်တယ်။

စစ်ထောက်လှမ်းရေးတွေကြောင့် မတရား ပြစ်ဒဏ်ချမှတ်ခံခဲ့ ရသူတွေကို ပြန်လွတ်ပေးတယ် ဆိုတဲ့ ၂၀၀၄ ခုနှစ်တုန်းကလည်း ကိုညီညီဦး တို့ မလွတ်မြောက်ခဲ့ပါဘူး။

၁၉၉၇ လွတ်ငြိမ်းချမ်းသာအမိန့်ကို ထုတ်ပြန်တဲ့အခါ သူတို့ ပြစ်ဒဏ်ဟာ အကျဉ်းသား ရပိုင်ခွင့် ဖြစ်တဲ့ လျှော့ရက် ခံစားခွင့်တွေကြောင့် လွတ်ရက်စေ့သွားတယ်။ ဒါပေမယ့် နိုင်ငံတော် အကြီးအကဲ ဆိုသူရဲ့ အမိန့်ကို ရှေ့နေချုပ်ရုံးက ကန့်ကွက်တဲ့ အတွက် ကိုညီညီဦးတို့ တသက်တကျွန်း ပြစ်ဒဏ်ကို ဆက်လက် ခံစားနေရပါတယ်။

ဒီနေ့ထိဆို ၂၃ နှစ်တာ ကာလထဲ ရောက်ခဲ့ပါပြီ။ ကိုညီညီဦးတို့ဟာ လူငယ်ဘ၀ ဆုံးရှုံးခံပြီး ၂၃ နှစ် လုံးလုံး ထောင်ကျခံနေရဆဲပါ။

မတရားဖမ်းဆီး၊ အပြစ်ပေးခံရတဲ့ ကိုညီညီဦး၊ ကိုသန်းဇော်တို့ အမြန်ဆုံး လွတ်မြောက်ပါစေ။

(ကိုသန်းဇော်ဟာ ကိုညီညီဦးနဲ့အတူ သေဒဏ် စီရင်ချက် ချခံရတဲ့ သန်လျင် NLD လူငယ် ဖြစ်ပြီး သရက်ထောင်မှာ ရှိနေပါတယ်။)

သားကြီး

Dec 12, 2010

Aung Thu

အောင်သူ

နာမည် အပြည့်အစုံ ခေါ်မယ်ဆို “တံတားနီအောင်သူ”

၈၈ မတ်လ ရန်ကုန်တက္ကသိုလ်တွင်း ကျောင်းသားဆန္ဒပြပွဲ၊ မတ်လ ၁၆ တံတားနီ ဆန္ဒပြပွဲကို ဦးဆောင်လာသူ။ တံတားနီဖြစ်ရပ်မှန်ကို စာတမ်းရေး ဖြန့်ဝေခဲ့သူ။

၈၉ မှာ ထောက်လှမ်းရေးက ခဏခဏ ဖမ်းစစ်ဆေး။ နောက်ဆုံးတော့ အင်းစိန်ပို့ကာ ၂ နှစ်လောက် အချုပ်ဘ၀ ထားခဲ့ပြီး ၉၁ မှာ ထောင်ဒဏ် ၅ နှစ် ကျခံခဲ့ရသူ။

အင်းစိန်ထောင်မှာ အဖေ ဦးဘိုးအောင် နဲ့ သား အောင်သူ။ သားအဖ၂ယောက်ရဲ့ အမှတ်တယများက ဘယ်လိုမှ မေ့မရ။ အစဉ်အလာနဲ့ ယုံကြည်ရာ ကြားက ပဋိပက္ခ ပြေငြိမ်းရာ-

မိခင်ဖြစ်သူက ခင်ပွန်းနဲ့သားအတွက် တပတ်တခါ ထောင်ဝင်စာလာ၊ ဖွယ်ဖွယ်ရာရာနဲ့။ အခုတော့ ဖခင်ဖြစ်သူက မရှိတော့။ မိခင်ကြီးကလဲ တသက်တာ ထောင်ဝင်စာ ခရီးကြောင့် ကျန်းမာရေး မကောင်း။

အောင်သူက သူငယ်ချင်းတွေကို ခင်သလို ယုံကြည်ချက်ကိုလည်း ဘယ်တော့မှ မပြင်တတ်။ စကားလုံးကောင်းကောင်းနဲ့ သီချင်းတွေ ရေးတတ်သလို အတွေး ကောင်းကောင်းနဲ့လဲ နောက်တတ် ပြောင်တတ်။

ထောင်ကလွတ်လာပြီး မိသားစုဘ၀လေး တည်ဆောက်နေရင်း ၉၆ ဒီဇင်ဘာ ကျောင်းသား လှုပ်ရှားမှုမှာလည်း ပါဝင်ခဲ့၊ အဖမ်းအဆီးတွေကို ရှောင်တိမ်းခဲ့ရသေး။

နောက်ဆုံးတော့ ၈၈ မျိုးဆက် ကျောင်းသားများ၊ သူငယ်ချင်းဟောင်းများနဲ့ ပြန်လက်တွဲ၊ နိုင်ငံမှာ အဓိက အကျဆုံး “အမျိုးသား ပြန်လည်သင့်မြတ်ရေး” ကို အကောင်အထည်ဖော်ဖို့ ကြိုးစားရင်း ထောင် ၆၅ နှစ် ချခံရပြီး မြန်မာပြည်မြောက်ဖျား ပူတာအိုထောင်ထိ ပို့ခံထားရသူ။

တခါတခါ အကြော ဆိုင်းသွားတတ်တဲ့ ရောဂါနဲ့ အလွန် အေးပါတယ် ဆိုတဲ့ ရာသီဥတုကြား ယုံကြည်ချက်နဲ့ အသက်ရှင်နေသူ။

သူငယ်ချင်းတွေကို ချစ်တဲ့သူ။ မြန်မာပြည်ကို ချစ်တဲ့သူ။ မိခင်နဲ့ဝေး အိမ်နဲ့ ဝေးနေတဲ့သူ။ ကျွန်တော်တို့ ဘယ်လိုမှ မေ့မရတဲ့သူ။

အောင်သူ။
နာမည်အပြည့်အစုံ ခေါ်မယ်ဆို “တံတားနီအောင်သူ”

သားကြီး၊ ၂၀၁၀ ဒီဇင်ဘာ ၁၃

Dec 5, 2010

Tu Ki in Thayet priosn

မဲန်ဒဲလား ထောင်သက် ၂၇နှစ်ကျော်၊ လွတ်။
ကရင်ရဲဘော်လေး တူးကီ ထောင်သက် ၂၈ နှစ်ကျော်၊ နေဆဲ။
နယ်လ်ဆင်မဲန်ဒဲလားက ထောင်ထဲမှာ ၂၇နှစ်ကျော် နေခဲ့ရတယ်။ ထောင်ထဲ နှစ်ရှည်နေရတာကြောင့်ရော၊ သူ့ရဲ့ လေးစားဖွယ်လုပ်ရပ်တွေကြောင့်ရော ကမ္ဘာကျော်ခဲ့တယ်။

ကရင်တော်လှန်ရေး ရဲဘော်လေး တူးကီ ခေါ် ခင်မောင်လင်း ထောင်ထဲ ရောက်နေတာ ၂၈ နှစ် ကျော်လာပြီ ဖြစ်ပေမဲ့ ဒါကို အလွန် လူသိနည်းလှပါတယ်။ သူ့သက် ၂၀ မပြည့်သေးချိန် ၁၉၈၂ ခုနှစ်မှာ စတင် အကျဉ်းချခံရတာပါ။

နိုင်ငံတကာက တောင်းဆိုနေသလို ဦးခွန်ထွန်းဦး၊ ကိုမင်းကိုနိုင်တို့ အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော် လွတ်မြောက်လာရင်တော့ တူးကီလည်း လွတ်နိုင်ကောင်းပါရဲ့။

နိုင်ငံရေးအကျဉ်းသားတွေ ဝင်လိုက်ကြ ထွက်လိုက်ကြနဲ့ ရှိနေပေမယ့် မန်းငွေအောင် အမှုတွဲ တူးကီကတော့ အိမ်ရှင် အကျဉ်းသားကြီးဖြစ်လို့ ဧည့်သည်တော်များကို တယောက်ပြီးတယောက် ဧည့်ခံနေရသူပါ။

အာဟာရမဲ့ ခြုံပုတ်ပြုတ်ရည်၊ ဒေါက်၊ ခြေကျင်းနဲ့ ကျားတွေ ခြသေ့င်္တွေလို နှစ်ရှည်လများ တိုက်ပိတ်၊ တနေ့ကို ၁၀ မိနစ်လောက် မြေကြီးနဲ့ ထိတွေ့ခွင့်ရ ဆိုတာတွေဟာ တူးကီရဲ့ ထောင်သက်၂၈နှစ်ကျော် မှတ်တမ်းတွေပါပဲ။

ရက်စက်ကြမ်းကြုတ် အင်းစိန်ထောင်ကနေ ရက်စက်ပူပြင်း သရက်ထောင်ကို ပြောင်းရွှေ့ခဲ့ရပြီး လွတ်ရက်လည်း မသိ၊ တူးကီ လွတ်မြောက်ရေး ဆိုပြီး သီးခြား တောင်းဆိုတာလည်း မရှိသေးလို့-
ကရင့်တော်လှန်ရေး နိုင်ငံရေးအကျဉ်းသား တူးကီကို အမြန်ဆုံး လွှတ်ပေးပါလို့ ဒီကနေ တောင်းဆိုလိုက်ပါတယ်။

တူးကီ နဲ့ နိုင်ငံရေး အကျဉ်းသားများ အားလုံး ချက်ခြင်းလွှတ်။

ဘဝတူ နိုင်ငံရေးအကျဉ်းသားဟောင်း ရဲဘော်
http://ppmoemaka.blogspot.com/

Nov 27, 2010

Min Ko Naing

မင်းကိုနိုင်
ထောင်ထဲမှာ နေသည်။

ဒီမှာနေ၊ ဒီမှာအိပ်၊ ဒီမှာထိုင်၊ ဒီမှာလမ်းလျှောက်၊
ဒီမှာသောက်၊ ဒီမှာစား၊ ဒီမှာ ပါ၊ ဒီမှာ ပေါက်။
တိုက်ပြောင်း ထောင်ပြောင်းလာခေါ်လျှင် လိုက်သွားရပြန်သည်။

လူဆိုတာ ကိုယ့်ခန္ဓာကိုယ်နှင့် သူများစိတ်နှင့် နေရတာလောက် ဆင်းရဲတာ မရှိ။
သူများစိတ်ဆိုသည်မှာလည်း သူတော်ကောင်းတို့၏ စိတ်နှင့်နေရသည်မဟုတ်၊
ကိုယ့်ကို နည်းမျိုးစုံဖြင့် ညှင်းပန်းနှိပ်စက်လိုသူတို့၏ စိတ်နှင့် နေရခြင်းဖြစ်သည်။

ကိုမင်းကိုနိုင်အကြောင်းကို အထူးပြောပြနေစရာ မလိုပါ။
ပြောပြချင်နေသည်က ရုပ်သဏ္ဌာန်အရသာ လူလို့ ခေါ်ပြီး၊
လူတယောက်၏ အဆင့်အတန်းမျိုးနှင့် လုံးဝ မနေရသည့် နေရာမျိုးတွင်
မကြောက်မရွံ့ နေရဲသည့်အကြောင်း ဖြစ်သည်။

ကိုမင်းကိုနိုင်သည် ၁၉၈၉ ခုနှစ် မတ်လ(၂၃)ရက်နေ့မှ
၂၀၀၄ ခုနှစ် နိုဝင်ဘာလ(၁၉)ရက်နေ့အထိ ပထမအကြိမ် ထောင်ထဲမှာ (၁၆)နှစ်နီးပါး၊
၂၀၀၆ ခုနှစ် စက်တင်ဘာလ(၂၇)ရက်နေ့မှ ၂၀၀၇ ခုနှစ် ဇန်န၀ါရီလ(၁၁)ရက်နေ့အထိ (၄)လနီးပါး၊
၂၀၀၇ သြဂုတ်လ(၁၉)ရက်နေ့ကနေ ဒီနေ့အထိ ထောင်ဒဏ်(၆၅)နှစ်ခွဲ ကျခံပြီး ထောင်ထဲမှာ နေ နေသည်။

ကိုမင်းကိုနိုင်သည် ကျင့်ထုံး ၄၀၁ ကို လက်မှတ်ထိုးပြီး ထွက်ချင်လျှင် ထောင်ကနေ ထွက်လို့ရသည်။
အမှန်တော့ ၄၀၁ ထိုးထွက်ရသည်က နိုင်ငံရေးပါရာဇိက ကျသလိုပင်။
လူမဆန်သည့်နေရာတခုကနေ အညံ့ခံပြီး ထွက်မလာဘဲ မင်းကိုနိုင် ဘာ့ကြောင့် အကြိမ်ကြိမ် အကြာကြီး နေ နေသလဲ။

နိုင်ငံရေးသမားတို့၏ ဂုဏ်သိက္ခာနှင့်အညီ ကိုယ်ကျိုးစွန့်ပြီး စစ်အာဏာရှင်စနစ်ကို တစမကျန် ဆန့်ကျင်ပြနေခြင်းပင်။

တင်အေး


Nov 18, 2010

Hnin May Aung (a.k.a.) Nobel Aye

အနစ်နာခံသူတွေအတွက် အကျဉ်းထောင်

နာမည်လေးက လှပါတယ်၊
မနှင်းမေအောင် (ခေါ်) မနိုဘယ်လ်အေး … တဲ့၊ ဒဂုံတက္ကသိုလ် ကျောင်းသူလေး။

ဘ၀က မလှပါ။
ဒီနှစ် အောက်တိုဘာ (၁၀) ရက်နေ့မှာ လူ့သက်တမ်း (၃၇) နှစ်၊ ထောင်သက်တမ်း (၂) ကြိမ်ပေါင်း (၁၀) နှစ်။
မုံရွာထောင်ထဲမှာ မလှပတဲ့ပြက္ခဒိန်တွေ အကြာကြီး ရွေ့နေဦးတော့မယ်။

မနိုဘယ်လ်အေးလေးရဲ့ အဇ္ဈတ္တကို အနီးဆုံး သိခဲ့ရတယ်၊ ထင်သာ မြင်သာ အဖြစ်ဆုံးက
ဆင်းရဲဒုက္ခတွေကြားမှာ သူများအတွက် အနစ်နာခံချင်သည့် စိတ်ဓါတ်ပင်။

သူ့အမေအတွက် အနစ်နာခံတယ်၊ သူ့မိသားစုအတွက် အနစ်နာခံတယ်၊ သူ့ မိတ်ဆွေတွေအတွက် အနစ်နာခံတယ်၊
ပြီးတော့ … ဆင်းရဲဒုက္ခရောက်နေသူအတွက် အနစ်နာခံတယ်။

အခု၊ သူ ချစ်တဲ့ ပြည်သူတွေအတွက် ပင်ပန်းဆင်းရဲခြင်းကြီးစွာနဲ့
၁၂ ပေ ၈ ပေ အခန်းကျဉ်းလေးထဲမှာ နှစ်ပေါင်း ဘယ်လောက်များ အနစ်နာခံနေရဦးမလဲ။

အဲဒီ့အခန်းကျဉ်းကျဉ်းလေးတွေ အများကြီး တိုးတိုးလာနေပြီ၊
မနိုဘယ်လ်အေးတွေလည်း အများကြီး တိုးတိုးရောက်နေပြီ။

သူတို့ရဲ့ ကမ္ဘာမြေဆီ လွတ်လပ်စွာ လမ်းလျှောက်ခွင့်အတွက် ဘာမှ မတတ်နိုင်သေးပါလား …
ကျနော်
ရှက်တယ်။

တင်အေး၊ ၁၇.၁၁.၂၀၁၀