Skip to main content

MoeMaKa Daily - 8888 - 33 Years Opinion Post


Art - Sitt Nyein Aye


မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၆လ ၈ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၈၊ ၂၀၂၁

ရှစ်လေးလုံး ကို ၃၃ နှစ်ကြာပြန်သုံးသပ်ခြင်း

(မိုးမခအထောက်တော် - ရန်ကုန်)

၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ ၊ ၈၈ ခုနှစ် ရဲ့ ၈ လပိုင်း ၈ ရက်နေ့ကို ၈ ဂဏန်း ၄ လုံးထပ်တဲ့နေ့အဖြစ် သပိတ်မှောက် ဆန္ဒပြဖို့ ချိန်းဆိုတဲ့နေ့ ဖြစ်လာရာက ရှစ်လေးလုံးအရေးတော်ပုံ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

ဆိုရှယ်လစ်စနစ် အမည်ခံထားတဲ့ တပါတီ စစ်အာဏာရှင်စနစ်ကို စိတ်ကုန်နေကြတဲ့ ပြည်သူလူထုက ဆန္ဒပြကြ ၊ တပါတီထဲ ကြီးစိုးတဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီ အတိုကောက်အားဖြင့် မဆလ ပါတီကို စပြီးတွန်းလှန်ကြတဲ့ နေ့ဖြစ်ပါတယ်။

ရှစ်လေးလုံးမတိုင်ခင် နိုင်ငံရေးအရ ဆန့်ကျင်ကြတဲ့ ၁၉၈၇ ခုနှစ် ငွေစက္ကူဖျက်သိမ်းမှု အပြီးမကျေနပ်လို့ဆန့်ကျင်ကြတဲ့ အဖြစ်အပျက်၊ တခါ ၁၉၈၈ ခုနှစ် မတ်လ စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် သေဆုံးခဲ့ရတဲ့ အရေးအခင်း၊ အဲဒီနှစ် ဇွန်လမှာပဲ မြေနီကုန်း အရေးအခင်းတွေက ရှစ်လေးလုံးနေ့မှာ အားလုံး တပြိုင်နက်ထဲ စတင်ဆန္ဒပြကြဖို့ အတွက် တွန်းအားဖြစ်စေခဲ့တာဖြစ်ပါတယ်။

အထက်က သမိုင်းအဖြစ်အပျက်တွေက အများသိရှိသလောက် သိရှိပြီးဖြစ်ကြပါလိမ့်မယ်။ အခု ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး အရေးတော်ပုံဖြစ်ပွားလာတဲ့အခါ ၈၈ ခုနှစ်က သမိုင်း တပတ်လည်တယ်လို့ တင်စားကြပါတယ်။ တဖက်မှာလည်း ၈၈ ခုနှစ်မှာ လူထုအရေးတော်ပုံကို အဆုံးသတ်အောင် လက်နက်နဲ့ ဖြိုခွဲ အာဏာသိမ်းခဲ့တဲ့ နောက် ကျောင်းသားနဲ့ လူငယ်အရွယ် အများအပြား တိုင်းရင်းသားလက်နက်ကိုင် နယ်မြေတွေဆီ ခိုလှုံပြီး လက်နက်ကိုင် တပ်ဖွဲ့ဖွဲ့စည်းခဲ့ပြီး စစ်အစိုးရကိုဆန့်ကျင် တိုက်ခိုက် ခဲ့ကြပြန်ပါတယ်။

အလားတူသမိုင်းအဖြစ်အပျက်က ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းအပြီး ငြိမ်းချမ်းစွာဆန္ဒပြမှုတွေဆီကနေ စစ်တပ်နဲ့ ရဲတွေရဲ့ ရက်စက်တဲ့ ဖြိုခွဲမှု သတ်ဖြတ်မှု ဖမ်းဆီးမှုတွေအပြီး လက်လုပ်လေသေနတ်၊ လောက်လေးခွ စတာတွေနဲ့ လမ်းတွေပေါ် မှာ ခုခံရာကနေ တိုင်းရင်းသားလက်နက်ကို ဧရိယာတွေကို ထောင်နဲ့ချီခိုလှုံကြရတဲ့ ၈၈ ခုနှစ်တုန်းက သမိုင်းအဖြစ်အပျက်မျိုး တကျော့ပြန်ဖြစ်ပျက်ခဲ့တာ တွေ့ကြရတာ ဖြစ်ပါတယ်။

၈၈ ခုနှစ် ကအချိုးတွေ ၂၁ မှာ လာမချိုးနဲ့ဆိုတဲ့ ကြွေးကြော်သံတွေ ပြီးခဲ့တဲ့ လပိုင်း လမ်းပေါ်မှာဆန္ဒပြခဲ့ကြစဥ် လူငယ်တွေကြွေးကြော်ခဲ့ကြတာ ကြားခဲ့ကြရမှာပါ။ နားလည်တာကတော့ စစ်အာဏာရှင်တွေကို ၈၈ တုန်းကအချိုးမချိုးဖို့ သတိပေးတာလို့ နားလည်ပါတယ်။ သို့ပေမယ့် စစ်အာဏာရှင်တွေက ၈၈ ခုနှစ်တုန်းက အချိုးမျိုး အဲဒီတုန်းက သမ္မတ ဦးစိန်လွင်က ရက်စက်စွာ အမိန့်ပေးဖြိုခွဲခဲ့သလိုပဲ အခုတကြိမ်မှာလည်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရက်စက်စွာ ဖြိုခွဲ ၊ သတ်ဖြတ် ၊ ဖမ်းဆီးဖို့ အမိန့်ပေးခဲ့ပြန်ပါတယ်။

၈၈ခုနှစ်မှာ ဘာတွေ အားနည်းခဲ့တာလည်းလို့ ပြန်သုံးသပ်ရင် ရှုထောင့်အမျိုးမျိုး အမြင်အမျိုးမျိုး အယူအဆ အမျိုးမျိုး ကွဲပြားနိုင်ပါတယ်။ အဖြစ်အပျက်ကို ပြောရရင်တော့ တိုင်းရင်းသားလက်နက်ကိုင်တွေ အနေနဲ့ ၈၈ အာဏာသိမ်းမှုပြီးတဲ့နောက် တစုတစည်းထဲ စစ်ရေးအရ ပူးပေါင်းပြီး တချိန်ထဲ တပြိုင်နက်ထဲ လက်နက်နဲ့ အာဏာတည်ဆောက်ထားတဲ့ စစ်အစိုးရကို လက်နက်နဲ့ တိုက်ခိုက် ဖြိုချဖို့ သဘောတူညီမှု မရခဲ့ကြပါဘူး။

စစ်တပ်ဘက်ကသာ လက်နက်ကိုင် အဖွဲ့တွေကို တဖွဲ့ချင်းစီချဥ်းကပ်ပြီး လက်နက်ကိုင်ထားလျှက်နဲ့ အပစ်ရပ် ငြိမ်းချမ်းရေးဆိုတဲ့ သဘောတူညီမှုတွေ ရအောင် မြန်မာနိုင်ငံအရှေ့မြောက်က အဖွဲ့တွေကို စတင်စည်းရုံးနိုင်ခဲ့ပြီး ၄/၅ နှစ်အတွင်း ကေအိုင်အေလို မွန်ပြည်သစ်လို နိုင်ငံရေးအရ လူမျိုးစု လွတ်မြောက်ရေး တိုက်ပွဲဝင်နေတဲ့ အဖွဲ့တွေကို စည်းရုံးနိုင်ခဲ့တာဖြစ်ပါတယ်။

အဲလိုအခြေအနေမျိုးမှာ စစ်အာဏာရှင်တွေကို စစ်ရေးအရ ပြုတ်ကျအောင် တိုက်ဖို့ အင်အား မစုစည်းနိုင်တော့ပဲ အပစ်ရပ် မလုပ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး မိမိတို့ နယ်မြေကို စိုးမိုးထားဖို့ပဲ တတ်နိုင်တော့တဲ့ အနေအထားလည်း ဖြစ်ပါတယ်။ ပထမဆယ်စုနှစ်အတွင်းမှာပဲ အဲဒီဖြစ်ရပ်တွေ ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် နယ်မြေမှာ ခိုလှုံပြီး လက်နက်ကိုင် တပ်ဖွဲ့စုဖွဲ့တဲ့ မြန်မာနိုင်ငံကျောင်းသားဒီမိုကရက်တစ်တပ်ဦး ABSDF ဟာ ကရင်ပြည်နယ်၊ မွန်ပြည်နယ် ၊ ကချင်ပြည်နယ်၊ ကယားပြည်နယ် စတဲ့ ပြည်နယ်တွေမှာ အစုအဖွဲ့အလိုက်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ တွဲဖက်ပြီး စစ်အစိုးရတပ်တွေကို တိုက်ခိုက်ခဲ့တာ ဆယ်စုနှစ် ၂ ခုကျော်ကြာမြင့်ခဲ့တာ ဖြစ်ပါတယ်။

၈၈ ခုနှစ် ပြီးနောက်မှာ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲ အဲဒီနောက် အနိုင်ရ အန်အယ်လ်ဒီပါတီကို အာဏာမလွှဲပေးပဲ အခြေခံဥပဒေရေးဆွဲဖို့ဆိုပြီး စစ်တပ်က လှည့်စားခဲ့နောက် အချို့သော ရွေးကောက်ခံ ကိုယ်စားလှယ်တွေ နယ်စပ်ကို တိမ်းရှောင်ပြီး NCGUB စင်ပြိုင်အစိုးရလို ဖွဲ့စည်းခဲ့ကြတဲ့ သမိုင်းအဖြစ်အပျက် (၁၉၉၀ ဒီဇင်ဘာ) နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မီတီ CRPP စင်ပြိုင်လွှတ်တော် (၁၉၉၈ စက်တင်ဘာ) လည်း ဖွဲ့စည်းပြီး တိုက်ပွဲဝင်ခဲ့ကြတာလည်း ရှိခဲ့ပါတယ်။

ခုတကြိမ် မှာတော့ အန်အယ်လ်ဒီရွေးကောက်ခံ ကိုယ်စားလှယ်တွေက CRPH လို့ခေါ်တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီကို နေပြည်တော် စည်ပင်ရိပ်သာဝင်းထဲမှာ (ဖေဖော်ဝါရီ ၂၀၂၁) ဖွဲ့စည်းပြီးနောက် အဲဒီကတဆင့်တိမ်းရှောင်ခဲ့ကြပြီး တိုင်းရင်းသား လက်နက်ကိုင်ဧရိယာ ရောက်ပြီးတဲ့အခါ အမျိုးသားညီညွတ်ရေး အစိုးရ (ဧပြီ ၂၀၂၁) ကိုဖွဲ့ခဲ့ကြတာဖြစ်ပါတယ်။

သမိုင်းအဖြစ်အပျက်တွေက ယေဘုယျဆင်တူတာတွေရှိသော်လည်း ၈၈နဲ့ ၂၁ မတူကွဲပြားတာတွေလည်း ရှိတာတွေ့ရမှာဖြစ်ပါတယ်။

ခု ၂၀၂၁ ခုနှစ် အနေအထားကို သုံးသပ်ကြည့်ရင် ခုမှ တာထွက်ဖို့ စုစည်းနေဆဲလို့ ဆိုနိုင်ပြီး အခု ၂၀၂၁ ခုနှစ် လက်နက်ကိုင် တပ်ဖွဲ့တွေဖွဲ့စည်းကြရာမှာတော့ ပြည်တွင်းက တိုင်းရင်းသားလက်နက်ကိုင် ဧရိယာကို ခိုလှုံလာတဲ့ NLD ကိုဗဟိုပြု ဖွဲ့ကြတဲ့ အမျိုးသားညီညွတ်ရေး အစိုးရ၊ အဲဒီအစိုးရ ရဲ့ လက်နက်ကိုင် တပ်ဖြစ်တဲ့ PDF လိုမျိုးပုံဖေါ်ထားကြတာတွေ့ရမှာ ဖြစ်ပါတယ်။

ခုတကြိမ် ၈၈ ခုနှစ်နဲ့ မတူကွဲပြားတဲ့ အဖြစ်အပျက်ကတော့ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ PDF တပ်အပြင် မြို့နယ်အလိုက် ပြည်နယ် အလိုက် ဖွဲ့ထားကြတဲ့ မြို့ပြပျောက်ကြားတိုက်ခိုက်မယ့် PDF လက်နက်ကိုင် အဖွဲ့ ၊ ကျေးရွာ ပြည်သူ့စစ်သဖွယ် တိုက်ခိုက်ကြမယ့် PDF လက်နက်ကိုင် အဖွဲ့ ၊ ပြည်နယ် အလိုက် တိုက်ခိုက်ကြမယ့် Chin , Karenni PDF လက်နက်ကိုင် အဖွဲ့တွေ ပေါ်ထွက်လာခြင်း ဖြစ်ပါတယ်။ ဒီအခြေအနေက ၈၈ ခု အာဏာသိမ်းမှု အပြီး လက်နက်ကိုင် ခုခံတွန်းလှန်ကြတဲ့ အခြေအနေနဲ့ မတူကွဲပြားတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။

၈၈ ခုနှစ်ပြီးနောက်မှာ ၉၀ ခုနှစ်အစောပိုင်းကာလတွေမှာ နိုင်ငံရေးအရ စင်ပြိုင်အစိုးရ၊ DAB လို့ခေါ်တဲ့ ဗမာနိုင်ငံ ဒီမိုကရက်တစ် မဟာမိတ် အဖွဲ့ လက်နက်ကိုင် အဖွဲ့အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ပူးပေါင်း ပြီးတိုက်ခိုက်နေတဲ့ ABSDF တို့ရှိပေမယ့် အင်အားကြီးတဲ့ လက်နက်ကိုင် အဖွဲ့တွေ ဖြစ်တဲ့ ဝ၊ ကေအိုင်အေ၊ ရှမ်းပြည်နယ်က လက်နက်ကိုင်အဖွဲ့ပေါင်းစုံတွေကို စစ်တပ်က အပစ်ရပ်လုပ်လိုက်နိုင်တဲ့အခါ လက်နက်ကိုင် လမ်းစဥ်နဲ့ အောင်နိုင်ရေးက ရှည်ကြာမယ့် အနေအထားရောက်ခဲ့တယ်လို့ ခုနေ ပြန်သုံးသပ်ရင် တွေ့နိင်ပါတယ်။

ခု ၂၀၂၁ ခုနှစ်မှာတော့ စစ်အာဏာရှင်တွေက ၉၀ ခုနှစ် အစောပိုင်းကာလလို တိုင်းရင်းသားလက်နက်ကိုင်တွေကို အပစ်ရပ် ၊ ယာယီအားဖြင့် မတိုက်ခိုက်ဖို့ လုပ်နိုင်မလား ဆိုတာ စိတ်ဝင်တစား လေ့လာစောင့်ကြည့်ရမယ့် အချက်ဖြစ်လာလိမ့်မယ် ထင်ပါတယ်။

PDF တွေက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ချိန်ကိုက်ပြီး စစ်အာဏာရှင်တွေကို လက်နက်နဲ့ ပြုတ်ကျအောင် တိုက်နိုင်မလားဆိုတာ အရေးကြီးတဲ့ သော့ချက် မေးခွန်းဖြစ်မယ် ထင်ပါတယ်။ အဲဒီလိုအခြေအနေမျိုး အခင်းအကျင်းမျိုး ဖြစ်ဖို့ရာ NUG အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ နဲ့ ဘုံအကျိုးစီးပွား၊ ဘုံသဘောတူညီချက် ရရှိဖို့ အရေးကြီးမယ်လို့ ထင်ပါတယ်။


၈လေးလုံး ၃၃ နှစ်၊ နွေဦးတော်လှန်ရေးက အချိုးအကွေ့အသစ်

(မိုးမခအထောက်တော် - ပြည်ပ)

နွေဦးတော်လှန်ရေး ၆ လ နဲ့ ၈ ရက်မြောက်နေ့၊ ၈လေးလုံးအရေးတော်ပုံ ၃၃ နှစ်မြောက်နေ့ … သည်လိုနေ့မှာ ၈၈ နဲ့ နွေဦးကို ပြန်နှိုင်းယှဉ်သုံးသပ်ရေးကြဖို့ ပြည်တွင်းနဲ့ ပြည်ပ စာနယ်ဇင်းသမား ၂ ဦး တိုင်ပင်ပြီး ရေးကြတာ ဖြစ်ပါတယ်။

၈၈ အရေးတော်ပုံပြီးတော့ တော်လှန်ရေးသမားတွေက လက်နက်ကိုင် တိုက်မလား၊ လက်နက်မကိုင်ဘဲ တိုက်မလား ရွေးကြတယ်။ ပါတီထောင်မလား၊ မြေအောက်လှုပ်ရှားမှုတွေ လမ်းပေါ်ထွက် အာခံမှုတွေပဲ လုပ်ကြမလား ရွေးကြတယ်။ ပြီးတော့ ရွေးကောက်ပွဲ ဝင်မလား၊ ရွေးကောက်ပွဲကို ဆန့်ကျင်မလားလည်း ရွေးခဲ့ကြရတယ်။ ဟိုတုန်းက တခုမဟုတ်တခုလို့ ရွေးခဲ့ကြပြီီး အခုက နှစ်ခုလုံးကို ရွေးကြတယ်။

စစ်အာဏာရှင်ဖြုတ်ချနိုင်ရေးအတွက် တိုက်ပွဲဝင်ကြရမှာ နည်းနာတွေ စုဖွဲဲမှုတွေ အလံခေါင်းစည်းတွေအပေါ် မူတည်ပြီး အပြောင်းအလဲတွေ ရပ်တည်မှုကွဲပြားတာတွေ ဖြစ်ခဲ့ကြရတယ်။ ၈၈ အရေးတော်ပုံကနေ နောက် အနှစ် ၃၀ လုံးလုံးကို ယေဘူယျပြန်ကြည့်ရင် - နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်ရေး၊ တွေ့ဆုံဆွေးနွေးအဖြေရှာရေးကိုပဲ ခေါင်းတင်ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ကျဉ်းတွေ လွှတ်၊ လွတ်မြောက်လာတဲ့ ခေါင်းဆောင်တွေနဲ့ စစ်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးအဖြေရှာကြ။ ဒါပဲ။

အဲသည်မတိုင်ခင်ကတော့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို စစ်အစိုးရနဲ့ နိင်ငံတကာက အသိအမှတ်ပြုတာ ခဲံရဖို့ ကြိုးစားကြတယ်။ ပြည်ပရောက် ညွန်ပေါင်းအစိုးရ NCGUB ဖွဲ့ကြတယ်။ စစ်အစိုးရဆိုတာ တရားမဝင်ဘူး၊ သူ့ကို ပိတ်ဆို့အရေးယူပါ။ NCGUB ကို အသိအမှတ်ပြုပါဆိုပြီး တောင်းဆိုကြတယ်။ မအောင်မြင်ခဲ့ဘူး။

ပြည်တွင်းက ရွေးကောက်ပွဲအနိုင်ရ NLD ပါတီကြီးက ကျန်ရစ်သူခေါင်းဆောင်တွေ (အဖမ်းမခံရသူတွေ)က ၈၈အရေးတော်ပုံနောက်ပိုင်း တလျောက်လုံးမှာ ပါတီတရားဝင် ဆက်လက်ရပ်တည်နိင်ရေးကို အဓိက ရွေးချယ်ခဲ့တယ်။ တိုက်ပွဲဖော်ချင်သူ၊ ထိပ်တိုက်ရင်ဆိုင်လိုသူ မျိုးဆက်သစ်ခေါင်းဆောင်ငယ်တွေကို ကန့်သတ်ခဲ့တယ်၊ အရေးယူခဲ့တယ်။

သည်လိုနဲ့ ၈၈ ကနေ ၁၀ နှစ်လောက် ကြာတော့ - နယ်စပ်ရောက် NCGUB ကလည်း တရားဝင်စင်ပြိုင်အစိုးရ ဖြစ်မလာဘူး၊ ပြည်သူတွေကလည်း အားမရကြဘူး။ ပြည်တွင်း NLD ပါတီကလည်း အားမကောင်းတော့ ၁၉၉၈ မှာ CRPP ဆိုပြီး အနိုင်ရပါတီတွေ အမတ်တွေထဲက ကိုယ်စားပြုခေါင်းဆောင်တွေ စုပေါင်းပြီး ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မီတီဖွဲ့ကြတယ်။ လွှတ်တော်ပြန်ခေါ်နိုင်ရေးနဲ့ စစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးရေးလိုင်းကိုပဲ အားပြန် တင်းကြပြန်တယ်။ ဒါလည်း ဖိနှိပ်ကန့်သတ်ခံထားရတော့ မထိရောက်ဘူး။ နာမည်တော့ ကြီးတာပေါ့။

၂၀၀၃ မေမှာ ဒီပဲယင်းမှာ ဒေါ်စုနဲ့ ပါတီဝင်တွေကို စစ်တပ်က လုပ်ကြံဖို့ ကြိုးစားတယ်။ အဲသည်နောက် နိုင်ကျဉ်းတွေ လွတ်မြောက်လာတယ်။ တွေ့ဆုံဆွေးနွေးအဖြေရှာရေးဆိုတာကို ဒေါ်စုနဲ့မှ ဆိုပြီး ပြည်သူ၊ ပြည်ပ နဲ့ ပါတီတွေက တစိုက်မတ်မတ် တောင်းဆိုတာပဲ ရှိတယ်။ အခြား ဘာအသေးစိတ်မှ လူထုက စိတ်မဝင်စားကြဘူး။ ၈၈ မျိူးဆက်တွေ လွတ်မြောက်လာတော့လည်း ဒေါ်အောင်ဆန်းစုကြည် ခေါင်းတင်ပြီးတော့ တွေ့ဆုံရေးလမ်းကြောင်းပဲ ရှိတယ်။ သည်နောက် ၂၀၀၇ ရွှေဝါရောင်၊ ၂၀၀၈ နာဂစ် - အဲသည်မှာလည်း ပြည်သူနဲ့ တော်လှန်ရေးသမားတွေက နိုင်ငံရေးအကြပ်အတည်းဖော်၊ စစ်အစိုးရကို စာပွဲဝိုင်းမှာ အဖြေရှာရေး၊ ဒေါ်စုနဲ့တကွ အကျဉ်းစံ ခေါင်းဆောင်များ လွတ်မြောက်ရေး။ ဒါကိုပဲ ဦးတည်ခဲ့ကြတယ်။ အလုပ်မဖြစ်ပါဘူး။

သည်တော့ ၂၀၀၈ စစ်တပ်က ခြေဥအတည်ပြုလိုက်တော့ စစ်အုပ်စုနဲ့ ခြေဥကို လက်ခံပြီး တွေ့ဆုံဆွေးနွေး အပေးအယူလုပ်ရေး လမ်းစဉ်တွေ တက်လာတယ်။ နိုင်ကျဉ်းတွေ လွတ်မြောက်၊ နယ်စပ်ရောက်တွေ ပြည်ပြေးတွေ ပြန်ခေါ်၊ အကန့်အသတ် လွတ်လပ်မှုတွေ ပြန်စျေးဆစ်၊ လက်နက်ကိုင်တိုင်းရင်းသားတွေကိုလည်း နိုင်ငံရေးကစားဝိုင်းထဲ နေရာပေး၊ သည်လမ်းခွဲမှာ စစ်အစိုးရနဲ့ အပေးအယူလုပ်ပြီး ၂၀၀၈ ဘောင်ထဲ NCA ဘောင်ထဲကပဲ ကစားကြမယ်ဆိုတာက အသက်ရှုချောင်သလို ဖြစ်လာတယ်။ ဖြစ်လာတယ်။ အဲသည်တုန်းက တတိယအုပ်စုလို့ ခေါ်တဲ့သူတွေ ရှေ့တန်းရောက်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်အလွန် နိုင်ငံရေးကာလအဖြစ် အဲသည်လူတွေက လက်ခမောင်း ခတ်ကြပါတယ်။

သည်လိုနဲ့ ၂၀၁၀ သိန်းစိန်ရွေးကောက်ပွဲ၊ ၂၀၁၂ ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်၊ ၂၀၁၅ ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ရွေးကောက်ပွဲတွေကို ပြည်သူတွေက ဖြတ်သန်းကြတယ်။ ပျော်ရွှင်ကြတယ်။ မျော်လင့်ချက်တွေ တက်ကြတယ်။ NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ အင်အားစုတွေ ပြည်သူတွေ ပြန်ပြီး ခေါင်းထောင်လာကြတဲ့ အချိန်အပိုင်းအခြားဖြစ်တယ်။ ဒါနဲ့ အခု ၂၀၂၀ မှာ စစ်တပ်က အာဏာပြန်သိမ်းတယ်။ တိုင်းပြည်တခုလုံး နောက်ပြန်လန်ကျရတာပဲ။

သည်တခေါက် နွေဦးတော်လှန်ရေးမှာ ၈၈ က အချိုးတွေ ၂၁ မှာ လာမချိုးနဲ့လို့ ဂျန်းဇီတွေက ကြွေးကြော်ကြပါတယ်။ နိုင်ကျဉ်းတွေ လွှတ်ပေးပါ၊ လွတ်မြောက်လာမယ့် ဒေါ်စုနဲ့ အခြားခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာပေးပါဆိုတဲ့ သာမန်ရိုးကျ တောင်းဆိုမှုတွေ မရှိတော့ဘူး။ အခုတောင်းဆိုတာက ခုနင်ကအချက် ၂ ခုကနေ အဆင့်တွေ တက်သွားတယ်။ ဖယ်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်ရေးဆိုတာပဲ။ စစ်အာဏာရှင်အမြစ်ပြုတ်ရေးဆိုတာပဲ။ ၂၀၀၈ ခြေဥဖျက်သိမ်းရေး ဆိုတာပဲ။ သည်တော့ စစ်အုပ်စုနဲ့ ဆက်ဆံရေးမှာလည်း ကြိုတင်ပြဌာန်းချက်အဖြစ် - အသွင်ကူပြောင်းရေးတရားမျှတမှုကိုပါ စံတန်ဖိုးအဖြစ် ထည့်သွင်းထားတာကို တွေ့နိုင်ပါတယ်။

သည်နွေဦးတော်လှန်ရေးမှာ အခု NLD ပါတီနဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဗဟိုပြုပြီး ဖွဲ့စည်းထူထောင်ထားတဲ့ CRPH NUG PDF NUCC တို့က ဦးဆောင်မှုနေရာကို ရောက်ရှိလို့ နေပါပြီ။ အရင်တုန်းကလို အကျဉ်းထောင်ထဲက အကျယ်ချုပ်ထဲက ခေါင်းဆောင်တွေကို လွှတ်ပြီး ဆွေးနွေးပါလို့ တစာစာ တောင်းဆိုရတဲ့ အဆင့် မဟုတ်တေ့ာဘူး။ တတိယအုပ်စုတွေ စစ်အုပ်စုလက်ဝေခံတွေလည်း နေရာမရတော့ဘူး။ အကျဉ်းထောင်ရဲ့ ချုပ်နှောင်မှုကို မခံယူဘဲ နယ်စပ်ဒေသ လွတ်မြောက်နယ်မြေတွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ လက်တွဲပြီး လှုပ်ရှားဦးဆောင်နိုင်တဲ့ အနေအထားကို ရောက်ရှိနေတာကို အသိအမှတ်ပြုရပါမယ်။ သူတို့နဲ့ ပြည်သူလူထုသာမက အခြားသော တိုက်ပွဲဝင် တော်လှန်ရေးအင်အားတွေကပါ အတူတူ ဆွေးနွေး ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ကြဖို့ အရှိန်မြှင့်နိုင်ကြဖို့ တိုက်တွန်းရပါမယ်။ ယခင် ၈၈ အရေးတော်ပုံ အနှစ် ၃၀ ကာလတုန်းက ထောင်ထဲရောက်နေတဲ့ ခေါင်းဆောင်တွေနဲ့ အကန့်အသတ်ခံထားရတဲ့ အနိုင်ရနိင်ငံရေးပါတီကို လူထုက မျက်စိစုံမှိတ်ပြီး မျော်လင့်အားကိုးတောင်းဆိုခဲ့ရတဲ့ ဖြစ်စဉ်ကနေ အခု ၂၀၂၁ နွေဦးတော်လှန်ရေးမှာ လွတ်မြောက်နေတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ ရွေးကောက်ပွဲ အနိုင်ရ ပါတီနဲ့ အခြားလွှတ်တော်ကိုယ်စားလှယ်တွေ၊ လူထုအသိအမှတ်ပြု ခေါင်းဆောင်တွေကို တိုက်ရိုက် ထောက်ခံ လက်တွဲ လိုက်ပါ ဆောင်ရွက်နေရတဲ့ ဖြစ်စဉ်သစ်ကို အခွင့်ကောင်းအဖြစ် အပြည့်အ၀ယူနိုင်ကြလိမ့်မယ်လို့ မျော်လင့်ပါကြောင်း။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar

--
Send email to - editors@moemaka.net  to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://eng.moemaka.net  - English Edition
http://MoeMaKa.Net - Audio & Video Archives

Comments

Popular posts from this blog

CB Bank U Khin Maung Aye tied with Kyant Phont Junta

https://www.mmtimes.com/business/17876-cb-bank-chair-to-open-industrial-zone.html?fbclid=IwAR3RojcIC6XK7obslNcCWTGn_ApUMdIccZ5oaiWHeKTTDtK4JRQfIVd6l88 https://www.mmtimes.com/business/17876-cb-bank-chair-to-open-industrial-zone.html?fbclid=IwAR3RojcIC6XK7obslNcCWTGn_ApUMdIccZ5oaiWHeKTTDtK4JRQfIVd6l88 -- Send email to - editors@moemaka.net   to contact and contribute with MoEmAKa MoeMaKa on Facebook Page from here  (For Burma / Myanmar User) MoeMaKa News & Media covering Burmese Community PO Box 320-207, San Francisco, CA 94132-0207, USA. http://MoeMaKa.Com - Burmese Language http://eng.moemaka.net  - English Edition http://MoeMaKa.Net - Audio & Video Archives

[Incidents] Burmese Military & Thugs Terrorized Homes in Yangon

ယနေ့ မတ်လ ၁ ရက်နေ့ ညနေ ၄ နာရီခန့်က ရန်ကုန်၊ ပုဇွန်တောင်မြို့နယ်သို့ ရဲနှင့်စစ်သား အများအပြား ရောက်ရှိလာပြီး ၄၉ လမ်း အလယ်ဘလောက်၊ လမ်း ၅၀ အလယ်ဘလောက်ရှိ တိုက်ခန်း တချို့ကို တံခါးဖျက်ပြီး ၀င်ရောက်ရှာဖွေသွားကြောင်း၊ အသုံးအဆောင်တချို့ သိမ်းဆည်းသွားကြောင်း၊ လူကို ဖမ်းခေါ်သွားခြင်း မရှိကြောင်း၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကန့်ကွက်လှုပ်ရှားမှုဦးဆောင်သူတို့ကို ၀င်ရောက် ရှာဖွေခြင်းဖြစ်မည်ဟု ယူဆရကြောင်း ရပ်ကွက်အတွင်း နေထိုင်သူတို့က ပြောသည်။ နေ့ဘက်တွင် ၀င်ရောက်ခြင်းဖြစ်သောကြောင့် အဖမ်းအဆီးအတွက် မဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုနေကြသည်။ ရပ်ကွက်အတွင်း နေထိုင်သူများက လမ်းထိပ်သို့ ထွက်ပြီး ကြွေးကြော်သံများ အော်ဟစ်ကြသကဲ့သို့ သံပုံးများ ဆူညံစွာ တီးကြပြီး မကြာမီ ပစ်ခတ်သံများ ထွက်ပေါ်လာသဖြင့် လမ်းအတွင်းသို့ ပြေးလွှားနောက်ဆုတ်သွားကြသည်။ ထို့နောက် ရဲနှင့် စစ်သားအများအပြားလည်း ရပ်ကွက်အတွင်းမှ ထွက်ခွာသွားကြသည်ကို တွေ့ရသည်။  အသံဗုံးဟု ယူဆရသည့် မပေါက်ကွဲသေးသော အရာတချို့ ကျန်ရစ်ခဲ့ရာ ရပ်ကွက်အတွင်း နေထိုင်သူတို့က ပုဇွန်တောင် မြို့မရဲစခန်းသို့ သွားရောက် အပ်နှံရန် ဆုံးဖြတ်လိုက်ကြသည်။ -- Send email to - editors@moe...

MoeMaKa Daily - 28th June 2022

Daily Digest from MoeMaKa Media ကိုအောင်မှိုင်း - ဝမ်ပေါင်ဟာ ပထမဖြစ်မယ် ကိုအောင်မှိုင်း - ဝမ်ပေါင်ဟာ ပထမဖြစ်မယ်(မိုးမခ) ဇွန် ၂၉၊ ၂၀၂၂ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း... MoeMaKa Media 1h ဖေကြီး (လေရှီး) - ထိုင် ထ ပုံပြင် Image- Crdထိုင် ထ ပုံပြင်ဖေကြီး (လေရှီး)(မိုးမခ) ဇွန် ၂၉၊ ၂၀၂၂      ကြားခဲ့ဖူးတဲ့ ကြုံခဲ့ဖူးတဲ့ ဖြစ်ရပ်များစွာထဲက... MoeMaKa Media 7h လင်းနွေးအိမ် - အရှေ့ရဲ့အရှေ့ အနောက်ရဲ့ အနောက် အရှေ့ရဲ့အရှေ့ အနောက်ရဲ့ အနောက် လင်းနွေးအိမ်(မိုးမခ) ဇွန် ၂၉၊ ၂၀၂၂ ညီမလေးရေရှေးရိုးစွဲတွေနဲ့ လမ်းထွင်သူတွေကြားမှာဒီလိုနဲ့ပဲမဖြစ်နိုင်ဘူးလို့... MoeMaKa Media 7h မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂၇ မြင်ကွင်း မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂၇ မြင်ကွင်း(မိုးမခ) ဇွန် ၂၈၊ ၂၀၂၂ ကယားပြည်နယ်က စီဒီအမ်မလုပ်တဲ့ ကျောင်းဆရာ/မတွေ... MoeMaKa Media 23h -- Send email to -  editors@moemaka.net  to contact and contribute with MoEmAKa MoeMaKa on Facebook Page from here   (For Burma / Myanmar User) MoeMaKa News & Media covering Burmese Community http://www.MoeMaKa.Com  - Burmese ...