Skip to main content

MoeMaKa Daily - 20th May 2021



MoeMaKa 2021


မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ - ဟာရှိန်း၊ မြသွေးနှင်းဆီ၊ ဘုန်းနိုင်လင်း

Posted: 20 May 2021 07:16 PM PDT


Image - Crd
 
မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ
မိုးမခ
မေ ၂၁၊ ၂၀၂၁
-
တော်လှန်ရဲဘော်

မြင်ရတဲ့တောင်တန်းကိုရောက်ဖို့
ငါဆင်းပြီးတက်ခဲ့မယ်
မြွေလိမ်မြွေကောက် မတ်တပ်တက် မတ်တပ်ဆင်း
ကျောက်ကြမ်း ကျောက်တော
သစ်ခိုးထုတ်တဲ့သစ်ဆွဲလမ်းတွေမှာ
အသက်ကိုမျှော်လင့်ချက်နဲ့သယ်ပိုးကြ
ဆာလောင်နေတဲ့မျက်ဝန်းတွေအတွက်
တော်လှန်ရေးကိုယုံကြည်ချက်နဲ့ ထုပ်ပိုးကြ
ဘဝဟာအိပ်မက်လိုပါလား
ကြုံနေရတာတွေဟာ ဇာတ်လမ်းတပုဒ်လိုပါလား
ငါ့ညီကဗျာဆရာကပြောတယ်
ဒီပွဲမနိုင်ရင် စစ်ထဲဝင်မယ် ကြိုးစားမယ်
အောင်မြင်တဲ့တနေ့ ခေါင် ကိုတေ့ဖြုတ်ပစ်လိုက်မယ်
ငါကပြန်ပြောပါတယ်
မင်းရုပ်ကစစ်သားရုပ်ဘယ်တော့မှထွက်လာမှာမဟုတ်ဘူးလို့
နောက်ထပ်ဘာညာသာရကာတွေ
ဒီပွဲကိုငါတို့နိုင်မှရမယ်
မင်းဆီကိုရောက်ဖို့ ငါဆင်းပြီးတက်ခဲ့မယ် 
တောင်ထိပ်မှာ အောင်ပွဲအလံကိုငါတို့လွှင့်ကြဖို့။

ဟာရှိန်း
- (ဆရာဟာရှိန်းသည် ချင်းပြည်နယ်တနေရာတွင် မိသားစုနှင့်အတူ စစ်ဘေးရှောင်ရင်း ကဗျာရေးသားကာ စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲဝင်လျက်ရှိသည်။)
...

မပျော်တဲ့ နေ့ညများ

အသက်နဲ့မမြဲလို့ အိမ်မပြန်နိုင်တဲ့ကလေးတွေ
အသက်နဲ့တွဲလည်း အိမ်မပြန်ရဲတဲ့ကလေးတွေ
မိခင်တွေအားလုံး ကြေကွဲရအသည်းတွေ။

ကတ်ထဲရှိလည်း သုံးမရ
စက်ထဲရှိလည်း ထုတ်မရ
ရပ်မြဲရပ်နေလည်း တုံကင်မရ
ခက်ဆဲခက်နေရတဲ့ မရှိခြင်းဘဝတွေ။

ကံဆိုတာ လူလုပ်သမျှတဲ့
လုပ်သမျှလူက မှန်ဖို့တော့လိုမှာပေါ့။

အကြံရခက်ဘူးလား
လကုန်လို့ အိမ်လခမပေးနိုင်တာမျိုး
နေမကောင်းလို့ စပ်ဆေးလေးနဲ့မှိန်းနေရတာမျိုး
ဥပုသ်စောင့်တယ်ပြောပြီး တစ်နပ်စာလျှော့ပေးလိုက်မိတာမျိုး။

အေးပါ
ငါတို့ပဲမှားတာပေါ့
အငိုခက်တဲ့နေ့တွေ စာလုံးပေါင်းပြီး
အရှိုက်ခက်တဲ့ညတွေ မြိုမြိုချရင်းနဲ့လေ။

မြသွေးနှင်းဆီ
၂၀ မေ ၂၀၂၁
...

တော်လှန်ရေးပန်း


စိန်ပန်းနီနီတွေကိုငေးရင်း
ယုံကြည်ချက်နဲ့ပွင့်ဝေနေပုံက
မျော်လင့်ချက်ရဲရဲ နွေထဲမှာ။

သမိုင်းခြေရာအငေးထဲ
ခေတ်စနစ်ကိုပြောင်းသစ်စေတဲ့အရာ
ယုံကြည်ချက်ခိုင်မာတ ဲ့နိုင်ငံရေး
နိုင်ငံရေးခိုင်မာတဲ့ တော်လှန်ရေး
ရှင်သန်ခြင်းရဲ့ အဓိပ္ပာယ်တွေ ပွင့်ခဲ့အနီ။

ယုံကြည်ခြင်းရဲ့အောင်ပန်းဆိုတာ
တော်လှန်ရေး ရင့်မှည့်ချိန်ပေါ့။

ရုန်းထွက်ရာလမ်းပေါ်.....
ကမ္ဘာ့မြေ မြန်မာ့နွေမှာ
ပွင့်လိုက်စမ်း စိန်ပန်းနီနီတွေ။

ဘုန်းနိုင်လင်း
6 May 2021

...

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar



ဂါမဏိ - တိုင်းရင်းသား ၁၃၅ မျိုးဂျင်း (အပိုင်း ၁)

Posted: 20 May 2021 07:00 PM PDT


တိုင်းရင်းသား ၁၃၅ မျိုးဂျင်း (အပိုင်း ၁)
ဂါမဏိ 
(မိုးမခ) မေ ၂၁၊ ၂၀၂၁

နအဖဟာ အရင်အစိုးရအဆက်ဆက်နဲ့ လမ်းခွဲထွက်လာတာဖြစ်တယ်၊ အရင်အစိုးရတွေထက်သာတယ်လို့ ဝါကြွားနေပေမဲ့ ဉီးနုအစိုးရလုပ်ခဲ့တဲ့ ကမ္ဘာအေးလှိုဏ်ဂူ၊ နေဝင်းလုပ်ခဲ့တဲ့ မြန်မာစာ ရေးရာမှာ "တစ်ခု တစ်ယောက်" စသဖြင့် သုံးစွဲရေး၊ စောမောင်ထွင်ခဲ့တဲ့ မြန်မာနိုင်ငံတိုင်းရင်းသား ၁၃၅ မျိုး၊ ခင်ညွန့်ထွင်ခဲ့တဲ့ မြန်မာအစ-လူသားအစ ပုံတောင်ပုံညာက ဆိုတဲ့အယူအဆတွေကို ဆက်ကျင့်သုံးနေပါတယ်။ အခုဆောင်းပါးမှာတော့ မြန်မာပြည်မှာ တိုင်းရင်းသား ၁၃၅ မျိုးတကယ်ရှိမရှိကို ဆန်းစစ်ဖော်ထုတ်သွားပါမယ်။

 ပထဆုံးကချင်လူမျိုးတွေကိုကြည့်ရင် နဝတ-နအဖ က ကချင် ၁၂ မျိုး လို့ဖော်ပြထားရာမှာ လူမျိုးတမျိုးထဲက ဆွေမျိုးစုကွဲ၊ ဘာသာစကားလေယူလေသိမ်းကွဲတွေကို သီးခြားလူမျိုးအဖြစ် ဇွတ်အတင်းပြထားပါတယ်။ ဒါ့အပြင် ကချင်ဆိုတဲ့နာမယ်နဲ့ လူမျိုးတမျိုး သီးသန့်ပြထားသလို ဂျင်းဖောနာမယ်နဲ့လည်း ပြထားပြန်တယ်။ တကယ်တော့ ကချင်ဆိုတာ အားလုံးကိုခြုံခေါ်တဲ့နာမယ်ဖြစ်မှန်း လူတိုင်းသိပေမဲ့ နအဖဟာ လူမျိုးအရေအတွက် ဖောင်းပွစေချင်လွန်းအားကြီးလို့ သီးသန့်လူမျိုးမဟုတ်တာကို အဟုတ်ကြီးလုပ်ထည့်တာဖြစ်တယ်။ နအဖ စာရင်းထဲက ဂေါ်ရီ၊  ခခူ နဲ့ ဒူးလန်းတို့ဟာ ဂျင်းဖောအနွယ်ကွဲတွေသာဖြစ်ပြီး သီးခြားလူမျိုးစုတွေ မဟုတ်ပါဘူး။ ခခူနဲ့ဒူးလန်း ဆိုရင် မျိုးနွယ်ကွဲတခုတည်းကိုဘဲ နာမယ်နှစ်မျိုး ခေါ်ထားတာဖြစ်ပါတယ်။ ကချင် ၁၂ မျိုးထဲက တမျိုးအဖြစ်ပြထားတဲ့ တရုမ်းနဲ့ဒလောင် ဆိုတာလည်း ရဝမ် မျိုးကွဲဖြစ်ပါတယ်။ ဒါကြောင့် နအဖပြောတဲ့ ကချင် ၁၂ မျိုးဟာ လက်တွေ့မှာ ၆ မျိုးဘဲဖြစ်ပါတယ်။

 နအဖစာရင်း         အမှန်စာရင်း
၁ ကချင်          ဂျိန်းဖော၊ မရူ၊ ရဝမ်၊ လရှီ၊ အဇီး နှင့် လီဆူး တို့ကို လွှမ်းခြုံခေါ်ဝေါ်သည့်အမည် 
၂ တရုမ်း         ရဝမ်မျိုးနွယ်စု
၃ ဒလောင်      ရဝမ်မျိုးနွယ်စု
၄ ဂျိန်းဖော     ၁    ဂျိန်းဖော (ဂေါ်ရီ၊ ခခူ၊ ဒူးလန်း နှင့် အခြားမျိုးနွယ်စုများပါဝင်)
၅ ဂေါ်ရီ            ဂျိန်းဖောမျိုးနွယ်စု
၆ ခခူ              ဂျိန်းဖောမျိုးနွယ်စု
၇ ဒူးလန်း        ဂျိန်းဖောမျိုးနွယ်စု
၈ မရူ (လော်ဝေါ်)     ၂      မရူ
၉ ရဝမ်     ၃      ရဝမ် သို့မဟုတ် နုံး (ဒလောင်၊ တရုမ်း နှင့် အခြားမျိုးနွယ်စုများပါဝင်)
၁၀ လရှီ (လချိတ်)     ၄      လရှီ
၁၁ အဇီး     ၅        အဇီး သို့မဟုတ် ဇိုင်ဝါး
၁၂ လီဆူး     ၆      လီဆူး သို့မဟုတ် ယောယင် သို့မဟုတ် လီရှော
၁၂ စုစုပေါင်း     ၆     စုစုပေါင်း

 နအဖရဲ့ ကယားလူမျိုးစာရင်းထဲမှာ လူမျိုး ၉ မျိုးပြထားတယ်။ ဒီထဲမှာ ဇယိမ်း၊ ကယန်း(ပဒေါင်)၊ ကဲ့ခို၊ ယင်း ဘော် ဆိုတဲ့လေးမျိုးဟာ တကယ်တော့ ကယန်း (ပဒေါင်) လူမျိုးရဲ့ အမည်ကွဲတွေ သို့မဟုတ် မျိုးနွယ်ကွဲတွေ သာဖြစ်လို့ နအဖပြောတဲ့ ၉ မျိုးဟာ လက်တွေ့မှာ ၅ မျိုးဘဲဖြစ်သွားပါတယ်။ ဂေဘားလူမျိုး ကတော့ ဘွဲကရင်ထဲမှာ ပါဝင်ပါတယ်။

 နအဖစာရင်း       အမှန်စာရင်း
၁ ကယား    ၁    ကယား
၂ ဇယိမ်း          ကယန်းမျိုးနွယ်စု
၃ ကယန်း(ပဒေါင်)     ၃     ကယန်း (ပဒေါင်၊ ကဲ့ခို၊ ယင်းဘော်၊ ဇယိမ်းတို့ပါဝင်)
၄ ကဲ့ခို        ကယန်းမျိုးနွယ်စု
၅ ဂေဘား      ဘွဲကရင်မျိုးနွယ်စု
၆ ဘရဲ့(ကယော)    ၃     ကယော
၇ မနုမနော    ၄      မနုမနော
၈ ယင်းတလဲ     ၅      ယင်းတလဲ
၉ ယင်းဘော်         ကယန်းမျိုးနွယ်စု
၉ စုစုပေါင်း     ၅     စုစုပေါင်း

 နအဖရဲ့ကရင်လူမျိုး ၁၁ မျိုးစာရင်းဟာလည်း လူမျိုးတမျိုးထဲရဲ့ နာမယ်ကွဲတွေ၊ မျိုးနွယ်စုကွဲတွေကို သီးခြား လူမျိုးတွေအဖြစ် ဖန်တီးထားတယ်။ အားလုံးကိုလွှမ်းခြုံခေါ်တဲ့ ကရင်လူမျိုး ကသတ်သတ်၊ စကော ပိုး ဘွဲ စတဲ့လူမျိုး ကသတ်သတ်လုပ်ထားတာ အင်မတန်ရယ်စရာကောင်းပါတယ်။ လူမျိုးတွေဖောင်းပွစေချင်လွန်းလို့ ကြံမိကြံရာ လုပ်လိုက်တာ တိုင်းပြည်အုပ်ချုပ်နေတဲ့အစိုးရ အရည်အချင်းမဲ့မှုကို ပြတာလည်းဖြစ်သွားတယ်။ ကိုယ့်တိုင်းပြည်က လူမျိုးနာမယ်တောင် အမှန်အတိုင်းမသိဘဲ အစိုးရလုပ်နေရသလား၊ ဒါလောက်လေးမှ မသိဘူးလားလို့ အများမေးငေါ့စရာ ဖြစ်ကုန်ပါတယ်။ ကရင်လူမျိုးဟာ ၃ မျိုးဘဲရှိပါတယ်။ ပကူး၊ တလှေပွား၊ မောနေပွားဆိုတာတွေဟာ စကောကရင် မျိုးနွယ်ကွဲတွေဖြစ်သလို ကရင်ဖြူ၊ ပလေကီးကတော့ ဘွဲကရင်ရဲ့ အမည်ကွဲနဲ့ မျိုးနွယ်ကွဲသာဖြစ်ပါတယ်။ မိုးပွား နဲ့ မွန်ကရင်ဆိုတာ ပိုးကရင်ဖြစ်ပြီး စာဖြူကရင်ဆိုတာကတော့ လူမျိုးကိုပြောတာမဟုတ်ဘဲ ခရစ်ယန်ဘာသာဝင်တွေကို ပြောတာဖြစ်တဲ့အတွက် နအဖရဲ့ ကလိမ်ကကျစ်လုပ်မှုကို ထင်ရှားနေစေပါတယ်။

 ကယား၊ ကယန်းလူမျိုးများဟာ ရင်းမြစ်အားဖြင့် ဘွဲကရင်လူမျိုးဖြစ်ပေမဲ့ မျက်မှောက်ကာလမှာတော့ သီးခြား လူမျိုးတွေအဖြစ် ရပ်တည်သွားကြပါပြီ။ ကယားလူမျိုးထဲထည့်ထားတဲ့ ဂေဘားလူမျိုးကလည်း ဘွဲကရင်ဘဲ ဖြစ်ပါတယ်၊ သီးခြားလူမျိုးအမှတ်အသားလက္ခဏာ ခံယူတဲ့အနေအထားမရှိသေးဘဲ ဘွဲကရင်မျိုးနွယ်ကွဲ အမှတ်အသား လဏ္ခာကိုသာ ခံယူနေဆဲဖြစ်ပါတယ်။ ပအိုဝ်းလူမျိုးကတော့ နဂိုမူလရင်းမြစ်အားဖြင့် ပိုးကရင်ဖြစ်ပေမဲ့ အခုတော့ သီးခြားလူမျိုးလက္ခဏာ ခံယူထားပြီဖြစ်တယ်။
 နအဖစာရင်း             အမှန်စာရင်း
၁ ကရင်          စကော၊ ပိုး နှင့် ဘွဲ တို့ကို ခြုံ၍ခေါ်သောအမည်
၂ ကရင်ဖြူ       ဘွဲကရင်မျိုးနွယ်စု သို့မဟုတ် အမည်ကွဲ
၃ ပလေကီး       ဘွဲကရင်မျိုးနွယ်စု
၄ မွန်ကရင်(စာဖြူ)       ပိုးကရင်အမည်ကွဲ၊ စာဖြူဆိုသည်မှာ ခရစ်ယန်ဘာသာဝင်ကို ဆိုလို
၅ စကော     ၁       စကော (ပကူး၊ တလှေပွား၊ မောနေပွား နှင့် အခြားမျိုးနွယ်စုများပါဝင်)
၆ တာလှေပွား       စကောကရင်မျိုးနွယ်စု
၇ ပကူး        စကောကရင်မျိုးနွယ်စု သို့မဟုတ်အမည်ကွဲ
၈ ဘွဲ      ၂       ဘွဲ (ကရင်ဖြူ၊ ပလေကီး၊ ဂေဘား နှင့် အခြားမျိုးနွယ်စုများပါဝင်)
၉ မောနေပွား       စကောကရင်မျိုးနွယ်စု
၁၀ မိုးပွား       ပိုးကရင်မျိုးနွယ်စု
၁၁ ရှူး (ပိုး)     ၃       ပိုး (မိုးပွား၊ မွန်ကရင်နှင့် အခြားမျိုးနွယ်စုများပါဝင်)
၁၁ စုစုပေါင်း      ၃     စုစုပေါင်း

 နအဖစာရင်းထဲမှာ အဆိုးဆုံးကတော့ ချင်းလူမျိုး ၅၃ မျိုးပြထားတာပါဘဲ။ ထုံးစံအတိုင်း ချင်း ဆိုတဲ့နာမယ် နဲ့ လူမျိုးတမျိုးလည်းပြထားပါသေးတယ်။ ၅၃ မျိုးထဲမှာ ချင်းလူမျိုးအဖြစ် အမှတ်အသားလက္ခဏာ identity မသတ်မှတ်နိုင်တဲ့ နာဂ၊ မဏိပူရနွယ်ဘွား ကသည်း နဲ့ နီပေါနွယ်ဘွား လင်းဘု ကိုလည်းထည့်ထားတယ်။ ဒီကနေ့ ချင်း နိုင်ငံရေးပါတီတွေနဲ့ပညာရှင်များ လက်ခံအတည်ပြုထားတာ ချင်းလူမျိုး ၈ မျိုးဘဲဖြစ်ပါတယ်။ လူမျိုး Race/Tribe မဟုတ်တဲ့ မျိုးနွယ်စု/ဆွေမျိုးစု Clan၊ စကားဝဲအစု Dialect တွေကို ရောနှောပြထားတဲ့ ၅၃ မျိုးကို သရုပ်ခွဲလိုက် ရင် အခုလိုတွေ့ရပါတယ်။

 နအဖစာရင်း အမှန်စာရင်း
(၁) ချင်း         ဇိုမီး၊ ကူကီး၊ လိုင်မီး၊ မရာ၊ ချိုမီး၊ ခမီး၊ ရှိုမီး နှင့် မီဇိုတို့ကို လွှမ်းခြုံခေါ်သောအမည်
(၁၀) ခေါနိုး၊ ဂန်တဲ့၊ ဂွေးတဲ၊ ငွန်း၊ ဆီစာန်၊ ဆိုင်းဇန်၊ ဇို၊ တီးတိန်၊ တေဇန်၊ ဒင်မ်       ၁         ဇိုမီးချင်း
(၂) ခေါင်ဆိုင်၊ တာ့ဒိုး      ၂      ကူးကီးချင်း
(၁၅) ခွာဆင်းမ်၊ ခွန်လီ၊ ဆင်တန်၊ ဇာဟောင်၊ ဇိုဖေ၊ ဇန်ညှပ်၊ တပေါင်၊ တိုင်ချွန်း၊ တောရ်၊ လင်တဲ၊ လောက်တူ၊ လိုင်၊ လိုင်ဇို          ၃       လိုင်မီးချင်း
(၂) မရာ၊ မတူ၊ ဇိုတုံး       ၄        မရာ
(၅) ဒိုင် (ယင်ဒူး)၊ မကန်း၊ မွင်း၊ အုပု၊ ရောင်တူ        ၅       ချိုမီးချင်း
(၇) ခမီ၊ အဝခမီ၊ ခေါင်စို၊ ပနန်း၊ လေးမြို၊ ဝါကင်းမ်၊ အနူး     ၆       ခမီးချင်း(မြို)
(၂) ဆလိုင်း၊ အရှို      ၇         ရှိုမီးချင်း
(၃) ကလင်ကော (လူရှိုင်း)၊ လူရှိုင်း (လူရှေ)၊ ဟွာလ်ငို     ၈       မီဇိုချင်း (လူရှိုင်း)
(၄) နာဂ၊ တန်ခူး၊ မာရင်၊ အနန်            နာဂ
(၁) မေ့ထေး(ကသည်း)               မဏိပူရ
(၁) လင်းဘု              နီပေါ
၅၃ စုစုပေါင်း      ၈+၃       စုစုပေါင်း

 ကူကီး (သာဒိုး) ဟာ ရင်းမြစ်အားဖြင့် ဇိုမီးလူမျိုးဖြစ်ပေမဲ့ အခုတော့ သီးခြားလူမျိုးအဖြစ် ရပ်တည်ပါပြီ။ လိုင်မီး ရင်းမြစ်ဖြစ်တဲ့ မရာ ဟာလည်း အခု သီးခြားလူမျိုးအဖြစ် ရပ်တည်နေပါပြီ။ နအဖဟာ ခမွီးနဲ့မြို ကို ရခိုင်လူမျိုး ထဲထည့်မထားရင် ချင်း ၅၅ မျိုး ဖြစ်သွားနိုင်တယ်။ ချင်းပုန်း၊ ချင်းဘုတ် စတဲ့နာမယ်ကွဲတွေ ထပ်ထည့်လိုက်ရင် နအဖရဲ့ ချင်းစာရင်းဟာ ၁၀ဝ နားကပ်သွားနိုင်ပါတယ်။ နာဂလူမျိုးကိုတော့ ချင်းလူမျိုးထဲ သတ်မှတ်ထည့်သွင်းလို့မရဘဲ သီးခြားမြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးတမျိုးအဖြစ် သတ်မှတ်ရမှာဖြစ်ပါတယ်။ နအဖရဲ့ချင်းတွေလိုဘဲ နာဂထဲက ဆွေမျိုးစု၊ စကားဝဲအစုတွေက အနည်းဆုံး ၆၄ မျိုးရှိလို့ ချင်းထက်များပါတယ်။ နာဂလူမျိုးမှာ ပြည်နယ်မရှိလို့ ချင်းလို လူမျိုး အများကြီး ခွဲမပြတာဖြစ်ပါလိမ့်မယ်။ နို့မဟုတ်ရင် နအဖရဲ့ မြန်မာပြည် "တိုင်းရင်းသားအရေအတွက်" ၃၀ဝ ကျော်သွား နိုင်ပါတယ်။

 နအဖစာရင်း        အမှန်စာရင်း
၁ ဗမာ      ၁         ဗမာ(ယော)
၂ ထားဝယ်      ၂        ထားဝယ်
၃ ဘိတ်           ထားဝယ်စကားဝဲအစု
၄ ယော           ဗမာစကားဝဲအစု
၅ ယဗိန်း       ၃         ယဗိန်း
၆ ကဒူး       ၄         ကဒူးကနန်း
၇ ကနန်း             ကဒူးကနန်းမျိုးနွယ်စု
၈ ဆလုံ             ဆလုံ
၉ ဖွန်း           ဖွန်း
၉ စုစုပေါင်း        ၄+၂        စုစုပေါင်း

 နအဖက ဗမာလူမျိုးစုအရေအတွက်ကို နဝင်းကျေအောင် ၉ ခုပြထားပါတယ်။ ယော၊ ထားဝယ်နဲ့ ဘိတ် တို့ကို သီးခြားလူမျိုးတွေအဖြစ် ပြထားတယ်။ စကားဝဲ dialect အစုကွဲသာဖြစ်တယ်လို့ မနုဿဗေဒပညာရှင်များနဲ့ ဘာသာဗေဒပညာရှင်များ သတ်မှတ်ထားတာ အားလုံးအသိပါဘဲ။ အခုအချိန်ထိတော့ ဒီအစုတွေဟာ သီးခြားလူမျိုးသရုပ်လက္ခဏာနဲ့ ရပ်တည်ချင်စိတ်ပြင်းပြတာ ကျယ်ကျယ်ပြန့်ပြန့်မရှိသေးပါဘူး။ နောင်မှာတော့ ဘိတ်နဲ့ထားဝယ်ဟာ သီးခြားသရုပ်လက္ခဏာနဲ့ ရပ်တည်ချင် ရပ်တည်လာနိုင်ပါတယ်။ နအဖဟာ ရှမ်းပြည်က သီးခြားဗမာလူမျိုးစုအနွယ်ဝင် ဓနု၊ တောင်ရိုးနဲ့ အင်းသား ကိုတော့ ရှမ်းလူမျိုးထဲ ထည့်ထားပါတယ်။ ကဒူးနဲ့ကနန်းကိုလည်း ခွဲပြထားသလို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် ထဲက ဖွန်းလူမျိုးနဲ့ တိဘက်-မြန်မာအနွယ်မဟုတ်တဲ့ ဆလုံတွေကို ဗမာလူမျိုးထဲ ထည့်ထားတာတွေဟာ မနုဿဗေဒ အသိ နုံ့နဲ့ရာကျပါတယ်။ စစ်ကိုင်းတိုင်းထဲက နာဂတွေကျတော့ ချင်းလူမျိုးထဲထည့်ထားပေမဲ့ ကချင်ပြည်နယ်ထဲက ကဒူး ကနန်းတွေကိုတော့ ဗမာလူမျိုးထဲ ထည့်ထားတယ်။
 နအဖဟာ မွန်ကိုတော့ တမျိုးထဲပဲပြထားပြီး တခြားမွန်ခမာမျိုးနွယ်တွေဖြစ်တဲ့ ဝ၊ ပလောင်၊ ယင်းနက် ယင်းကျား စတာတွေကို ရှမ်းလူမျိုးတွေထဲထည့်ပြထားပါတယ်။

 နအဖစာရင်း       အမှန်စာရင်း
၁ မွန်     ၁     မွန်
၁ စုစုပေါင်း     ၁      စုစုပေါင်း
 နအဖစာရင်း          အမှန်စာရင်း
၁ ရခိုင်      ၁      ရခိုင်
၂ ကမန်     ၂      ကမန်
၃ ခမွီး           ခမီးချင်း
၄ ဒိုင်းနက်    ၃     ဒိုင်းနက်
၅ မရမာကြီး    ၄     မရမာကြီး
၆ မြို          ခမီးချင်းမျိုးနွယ်စု
၇ သက်     ၅      သက်
၇ စုစုပေါင်း      ၅       စုစုပေါင်း

 ရခိုင်လူမျိုးကို ၇ မျိုးစာရင်းပြထားရာမှာ တကယ်တော့ ခမွီး နဲ့မြို (မရို) ဟာ ရခိုင်ပြည်မှာနေတဲ့ ခမီးချင်းတွေ ဖြစ်ပြီး နအဖရဲ့ ချင်း ၅၃ မျိုးဆိုတဲ့အထဲပါပြီးဖြစ်ပါတယ်။ ဒါ့အပြင် ခမွီးနဲ့မြို ဟာ သီးခြားလူမျိုးနှစ်မျိုးမဟုတ်ဘဲ တမျိုးတည်းအောက်က မျိုးနွယ်ကွဲတွေသာ ဖြစ်ပါတယ်။

 နအဖစာရင်းပါ ရှမ်း ၃၃ မျိုးကတော့ ရှမ်းတင်မကဘဲ ဗမာမျိုးနွယ်တွေ၊ တခြား တိဘက်ဗမာမျိုးနွယ်တွေ၊ မွန်ခမာ မျိုးနွယ်တွေစသဖြင့် ရောထွေးနေပါတယ်။ ရှမ်းကြီးနဲ့ တိုင်းလုံ ဆိုတာ တခုတည်းဖြစ်ပြီး ရှမ်းကလေးနဲ့ တိုင်းလေ့ ဟာလည်း တမျိုးတည်းဖြစ်တယ်။ ခန္တီးရှမ်း နဲ့ တိုင်းလျမ် ကိုပြထားပေမဲ့ တိုင်းနူ (ရှမ်းတရုတ်)၊ တိုင်းလီ၊ တိုင်းလျန် (ရှမ်းနီ) နဲ့ ဒရယ် ကိုချန်ထားတယ်။ တိုင်း (ရှမ်း) လူမျိုးတွေဟာ သီးခြားလူမျိုးတွေအဖြစ် သရုပ်လက္ခဏာခံယူမလား၊ တိုင်းလူမျိုးကြီးထဲက မျိုးနွယ်ကွဲ၊ စကားဝဲ အစုကွဲတွေအဖြစ်သာ ခံယူမလား ဆိုတာတော့ ဆက်လက်ဖော်ထုတ်ရအုံးမှာ ဖြစ်ပါတယ်။

 အင်၊ စုံ၊ ဝ၊ အိုက်ဆွယ် နဲ့ တိုင်းလွယ် တို့ဟာ တမျိုးတည်း ဖြစ်ပါတယ်။ (တိုင်းလွယ် ကိုတော့ သီးခြားမွန်ခမာလူမျိုးတခု အဖြစ် ယူလို့ရနိုင်တယ်။) ကွီ နဲ့ လားဟူ မကွာသလို ဖျင်နဲ့ အခါလည်း အတူတူပါဘဲ။ ပလေးနဲ့ပလောင် တမျိုးတည်း ဖြစ်သလို မြောင်ဇီး၊ ယအို (ယောင်) တမျိုးတည်းဖြစ်ကြပါတယ်။ နယ်ချင်းထိစပ်နေလို့ တရုတ် လူမျိုးကို ဗမာပြည်ရဲ့ တိုင်းရင်းသား ကိုးကန့်လူမျိုးအဖြစ် သတ်မှတ်ထားတာတွေ့ရသလို ယွန်း (မြောက်ပိုင်းထိုင်း) လူမျိုး၊ ခမူ (လော) လူမျိုး၊ ရှမ်းကလေး (ဝါ) တိုင်းလေ့ (ထိုင်း)၊ တိုင်းလျမ် (ယူနန်) လူမျိုးတို့ကိုလည်း မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးအဖြစ် သတ်မှတ်ထားတာတွေ့ရတယ်။ ချင်းပြည်ဘက်မှာလည်း ကသည်း (မဏိပူရ) လူမျိုး၊ လင်းဘု (နီပေါ) လူမျိုးတို့ကို တိုင်းရင်းသားသတ်မှတ်ထားပေမဲ့ အလားတူ ဗမာပြည်နယ်နိမိတ်ထဲ နေထိုင်နေတဲ့ တိုင်းလိ (ယူနန်)၊ ပသျှူး (မလေး)၊ တိဘက်၊ ဂေါ်ရခါး (နီပေါ)၊ စစ်တကောင်းဘင်္ဂါလီ/ရိုဟင်ဂျာ (ဘင်္ဂလားဒေ့ရှ်) တို့ကိုတော့ တိုင်းရင်းသားအဖြစ် ဖော်ပြထားတာမတွေ့ရပါဘူး။

 နအဖစာရင်း          အမှန်စာရင်း
(၃) ရှမ်း၊ ရှမ်းကြီး၊ တိုင်းလုံ        ၁       တိုင်းလုံ (တိုင်းယိုင်)
(၁) ဂုံ       ၂       တိုင်းခွန် (ဂုံ)
(၁) မောရှမ်း      ၃       တိုင်းမော
(၁) တိုင်းလျမ်      ၄       တိုင်းလျမ် (ယူနန်)
(၁) ခန္တီးရှမ်း       ၅       တိုင်းခမ်းတီး
(၂) ရှမ်းကလေး၊ တိုင်းလေ့       ၆       တိုင်းနွဲ့ (ထိုင်း)
(၁) ယွန်း      ၇       တိုင်းယွန်း (ဇင်းမယ်ထိုင်း)
(၂) ပလေး၊ပလောင်      ၈       ပလောင်
(၃) ဝ၊ အင်၊ စုံ၊ အိုက်ဆွယ်        ၉       ဝ
(၁) တိုင်းလွယ်        ၁၀         တိုင်းလွယ် (ဝ)
(၁) ဓနု         ၁၁        ဓနု
(၁) တောင်ရိုး        ၁၂       တောင်ရိုး
(၁) ဓနော        ၁၃        ဓနော
(၂) လားဟူ၊ ကွီ        ၁၄        လားဟူ
(၂) ကော်၊ ဖျင်       ၁၅        အခါ
(၁) ခမူ         ၁၆        ခမူ (လော)
(၃) မြောင်ဇီး၊ ယောင်        ၁၇         မြောင်
(၁) ကိုးကန့်        ၁၈       ကိုးကန့် (တရုတ်)
(၁) အင်းသား       ၁၉       အင်းသား
(၁) ပအိုဝ်း        ၂၀         ပအိုဝ်း
(၂) ယင်းကျား၊ ယင်းနက်     ၂၁        ယင်း
(၁) မိုင်းသာ       ၂၂        မိုင်းသာ
၃၃ စုစုပေါင်း       ၂၂        စုစုပေါင်း
 
ဒါကိုချုပ်ကြည့်လိုက်ရင် နအဖပြောတဲ့ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးဆိုတာမှာ ၇၆ မျိုးဟာ စာရင်းထပ်နေတာ၊ လုပ်ကြံတည်ထွင်ထားတာဖြစ်နေပြီး (၅၉) မျိုးသာ တကယ်အမှန်အကန်ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါဟာ ဗမာပြည်မှာ လူမျိုး ၅၉ မျိုးသာရှိတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ထမန်၊ တိဘက်၊ ဂေါ်ရခါး၊ တိုင်းလျန်၊ တိုင်းလိ၊ တိုင်းနူ၊ ဒရယ်၊ မလေး-ပသျှူး၊ ဗမာမူဆလင်၊ စစ်တကောင်းသားဘင်္ဂါလီ/ရိုဟင်ဂျာ တို့လို ဒီစာရင်းထဲမပါဘဲ ကျန်နေတဲ့လူမျိုးတွေ ပေါင်းလိုက်ရင် (၆၉) မျိုး ရှိပါတယ်။ ဒီထဲမှာ ယဗိန်း၊ ဓနော၊ ဒရယ်၊ ထမန်၊ ဖွန်း၊ ခမူတို့ဟာ မျိုးတုံးလုဆဲဆဲ၊ သို့မဟုတ် လူဉီးရေရာဂဏန်းလေး သာရှိတဲ့ လူမျိုးတွေဖြစ်ပါတယ်။ ဒါ့အပြင် သီးခြားလူမျိုးအဖြစ် အမှတ်လက္ခဏာသစ်ခံယူလိုတဲ့ သို့မဟုတ် မခံယူလိုတဲ့ မျိုးနွယ်ကွဲတွေ ရှိနိုင်ပါသေးတယ်။ 

ရှမ်းလူမျိုးကွဲတွေထဲက သီးခြားလက္ခဏာအမှတ်အသား မခံယူလိုတာရှိရင် ၅၉ သို့မဟုတ် ၆၉ မျိုးထက် လျော့နိုင်ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ဗမာပြည်ရဲ့ တိုင်းရင်းသားလူမျိုးအရေအတွက်ဟာ ၇၀ မကျော်ပါဘူး။ ဒါပေမဲ့ နအဖဟာ တိုင်းရင်းသားလူမျိုး အရေအတွက် ဆယ်ဂဏန်းမပြည့်လည်း အကြောင်းအမျိုးမျိုးပြပြီး စစ်အာ ဏာရှင်စနစ် ထူထောင်မှာပါဘဲ။ နအဖ စကား၊ နအဖ စာရင်းတွေဟာ ဘယ်လိုမှ စိတ်ချယုံကြည်စရာမရှိဘူး ဆိုတာရယ်၊ ကိုယ်အုပ်ချုပ်နေတဲ့ နိုင်ငံထဲက လူမျိုးတွေကိုတောင် မှန်မှန်ကန်ကန် စာရင်းကောက်နိုင်တဲ့ အရည် အချင်းမရှိဘူးဆိုတာကိုတော့ ၁၃၅ မျိုးစာရင်းက သက်သေခံနေပါတယ်။
-
ရည်ညွန်း။ ၁) Ethnologue ၂) Encyclopedia Britannica ၃) Encyclopedia Encarta ၄) မြန်မာ့စွယ်စုံကျမ်း
ဂါမဏိ 
-(၂၀၀၅ မတ်လ ခေတ်ပြိုင်စာစောင်အွန်လိုင်းမှာ ဖော်ပြပြီး)


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar



NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ မိုးမခအင်တာဗျူး

Posted: 20 May 2021 12:00 AM PDT



NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ မိုးမခအင်တာဗျူး

(မိုးမခ) မေ ၂၀၊ ၂၀၂၁

မေလ ၁၉ ရက်နေ့ နေ့ခင်းပိုင်းမှာ မြန်မာပြည်သူများ၏ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် (ကဗျာဆရာမောင်တင်သစ်) နဲ့ မိုးမခတို့ တွေ့ဆုံမေးမြန်းခွင့် ရခဲ့ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲကနေ ဇာတိမြို့ရွာကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရပ်တည်ပြီး ၂၀၂၀ ရွေးကောက်ပွဲကိုလည်း အောင်မြင်စွာ ဖြတ်ကျော်ခဲ့တဲ့နောက် စစ်အာဏာသိမ်း စစ်ကောင်စီကို အမြစ်ဖြုတ်ချေမှုန်းနိုင်ရေး NUG အရပ်သားကာကွယ်ရေးဝန်ကြီးတဦးအဖြစ် ရင်ဆိုင်ရပ်တည်ဆောင်ရွက်နေတဲ့ ဦးရည်မွန်၏ ဖြတ်သန်းမှု၊ လက်ရှိနဲ့ အနာဂတ်ရေးရာတို့ကို မေးမြန်းထားပါတယ်။

ဖေစ့်ဘွတ်မှာကော ယူကျုမှာပါ တင်ဆက်ထားပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar



မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ - ခိုင်မျိုး၊ လင်းနွေးအိမ်၊ မင်းငြိမ်းအေး

Posted: 19 May 2021 10:57 PM PDT



Art - Than Htay Maung
မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ 
မိုးမခ
မေ ၂၀၊ ၂၀၂၁
-

ရွာထဲမှာ 

လူမျိုးတမျိုးက
လူမျိုးတမျိုးကိုကိုက်ခဲ
ဝါဒတစ်ခုက
ဝါဒတစ်ခုကိုရိုက်လှဲ
တဆစ်ဆစ်နာကျင်ရသောကမ္ဘပဲမဟုတ်လား
သင့်မှာကျည်ဆံ
ဘယ်လောက်ကျန်သေးသလဲ
လောကဓံတရားကဆက်တက်လာတုန်းပဲ
အဖေသေဆုံးခဲ့ပြီ
အမေကွယ်လွန်ခဲ့ပြီ
ကျွန်တော့်ဘဝပြောင်းကလည်းမီးတောက်မတတ်
ပူနေပြီ
သင့်မှာရောကျည်ဆံဘယ်လောက်ကျန်သေးလဲ
လှေခွက်ထဲအလံကိုင်ထားဆဲကလေးတွေပေါ့
ကျည်ကွယ်ရာက
ပြောင်းပူနေတဲ့
သေနတ်နဲ့ကျွန်တော်ရှက်ရဲ့။

ခိုင်မျိုး
-

နှာခေါင်းစည်းနဲ့အသက်ရှုနေရတဲ့နေ့ရက်များ

ရပ်ကွက်ထဲက ဗလမောင်
ကမ္ဘာ့ဟဲဗီးဝိတ်နဲ့တက်ထိုးရတာကို
စိတ်ပူတယ်။

တဘက်မှာတော့
တက်ထိုးရဲတဲ့သတ္တိစစ်စစ်တွေ့နေတာ
အားရတယ်။

ဒီစိတ်နှစ်ခုနဲ့ပဲ
ပိတ်လှောင်ခံထားရတဲ့ နှာခေါင်းစည်းနဲ့
အသက်ရှူကျပ်တဲ့နေ့တွေမှာ
သုံးလကျော်ကြာလာပြီ
မနက်ရောညပါဖြတ်သန်းနေတယ်။

လင်းနွေးအိမ်
မေလ ၁၉ ရက် ၂၀၂၁
-

မင်းတပ်

ဖြူကောင်တွေရှားသွားပေမယ့်
ဖြူဆူးတွေက
ရိုးရာဝတ်စုံမှာ။
အောင်းပဒူတောင်
လက်နှိုက်လာတဲ့ကောင်တွေ။
To me ဆိုပြီး
တောဝက်အစ
ဝက်ဝံအထိ
ကျောက်သားလက်ရေးနဲ့
မျိုးနွယ်အဆက်ဆက်။
ပုစင်းလောက်ကတော့
တောင်ပေါ်ခေါင်ရည်
ချိုမြမြ
တစ်ချက်လောက်ပစ်ရင်
နှစ်ယောက်သေ။
ဒါချင်းတို့ရိုးရာပါ
ချစ်မိရင်
တောင်အောက်ကိုမဆင်းနဲ့။

မင်းငြိမ်းအေး

-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar



You are subscribed to email updates from MoeMaKa Media.
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States


--
Send email to - editors@moemaka.net to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives

Comments

Popular posts from this blog

Win Maw (Shwe Than Zin)

ကျောက်ဖြူထောင်ထဲက ဂီတသမား ကိုဝင်းမော် ၁၉၈၈ မတိုင်ခင်က “Computer Control” အမည်ရှိ တီးဝိုင်းမှာ လိဒ် ဂစ်တာသမား တစ်ယောက် အဖြစ် ရှိနေခဲ့တဲ့သူ။ “ရွှေသံစဉ်” ဂစ်တာဝိုင်းကို ဦးဆောင်ခဲ့သူ။ ၈၈ အရေးတော်ပုံကြီးထဲမှာ အနုပညာသည်အုပ်စုတွေနဲ့ ပါဝင်ခဲ့သူပါ။ ၁၉၉၆ ခုနှစ် နိုဝင်ဘာလမှာ ဒေါ်အောင်ဆန်းစုကြည် ကို အားပေး ထောက်ခံတဲ့ သီချင်းတွေ ဆိုတဲ့အတွက် ပုဒ်မ ၅(ည) နဲ့ ထောင်၇ နှစ် ချခံရပါတယ်။ တောင်ငူထောင် နေထိုင်ရစဉ် ဘ၀တူ ရဲဘော်များရဲ့ အချစ်ခင်ရဆုံး ပုဂ္ဂိုလ်တယောက်လည်း ဖြစ်ခဲ့ပါတယ်။ စိတ်ရှည်တယ်၊ သည်းခံတတ်တယ်၊ ညှာတာတယ်၊ ရပ်တည်ချက်ရှိတယ် ဆိုတာ ကိုဝင်းမော်ရဲ့ အရည်အချင်းတွေပါပဲ။ ရသမျှ သစ်တို သစ်စလေးတွေနဲ့ ဂစ်တာတလက် ဖြစ်အောင် ဖန်တီးပြီး နိုင်ငံရေး အကျဉ်းသား ညီငယ်တွေကို ဂစ်တာတီး သင်ပေးရင်း ကိုယ်ပိုင် သီချင်းလေးတွေကို ရေးဖွဲ့ခဲ့ပါသေးတယ်။ ထောင်တွင်း ရှာဖွေရေး လာချိန်မှာတော့ ဂစ်တာလေးကို တစစီ ဖြုတ်ရ၊ ဖွက်ရ၊ ပြီးမှ ပြန်ဆင်ရတာပေါ့လေ။ ၂၀၀၂ နိုဝင်ဘာမှာ ထောင်က လွတ်ပါတယ်။ မိသားစုဘ၀ကို ကြိုးစား တည်ဆောက်ရင်း “အလင်္ကာ” ဆိုတဲ့ ဂစ်တာဝိုင်းတခု ပြန်ပြီး ထူထောင်ခဲ့ပါတယ်။ ဖခင်ကြီး၊ ဇနီး၊ သားသမီး ၄ ယောက်ကို တာဝန်ယူ ဦးဆောင်နေသူ ဖြစ်ပေမယ့်လ

လုပ်ကြံစာရင်းထဲမှာ ကျနော်၊ ကျမ ပါတယ်ဆိုပြီး ပြောနေတဲ့သူတွေ ဘာအထောက်အထားရှိလဲ? - DVB Interview

လုပ်ကြံစာရင်းထဲမှာ ကျနော်၊ ကျမ ပါတယ်ဆိုပြီး ပြောနေတဲ့သူတွေ ဘာအထောက်အထားရှိလဲ? - DVB Interview : "အဲဒီသံတမန်တွေကို စာတွေ ပို့နေတဲ့လူတွေကို ကျနော်တို့သိပါတယ်။လက်ထဲမှာ ရှိတယ် ငြင်းလို့မရဘူး။ ကျနော်ဖတ်ကြည့်တယ်၊သုံးမျက်နှာလောက်ရှိတယ်။ အခြေအမြစ် မရှိသလို လုံး၀ NUG ရဲ့ ပုံရိပ်ကို ကျအောင်၊ပျက်စီးအောင် ကြိုးစားနေတဲ့ ဟာပဲ ဖြစ်တယ်လို့ ကျနော်ထင်တယ်။ ဘာကြောင့် လဲဆိုတော့ အထောက်အထားမှ မရှိတာ။ အဲဒီအထဲမှာ သူ့ကို သတ်ပါ၊ ဟိုသူ့ ကိုသတ်ပါ လို့ရေးထားတဲ့ စာရင်းရှိတယ်ပြောတယ်။ အဲဒါဆို စာရင်းရှိရင်သက်သေပြပါ။ အဲဒီစာရင်းက NUG က ဘယ်သူ့ဆီက ထွက်လာသလဲ သက်သေပြပါ။ ဒါပေမယ့် သက်သေမရှိဘူး။ ပြောချင်တာကဒါတွေအားလုံးဟာ အကြမ်းဖက် စစ်ကောင်စီရဲ့လက်ချက်တွေဖြစ်တယ်။ဒါ PDF လည်းမဟုတ်ဘူး။ ဒါပေမယ့် PDF နာမည်ကိုသုံးပြီးတော့ အကြမ်းဖက်ခြင်းကိုလုပ်နေတာတွေလည်းအများကြီးရှိတယ်။တွေ့လည်းတွေ့နေရတယ်၊ဆိုတော့ လုပ်ကြံခံရတော့မှာ ဒီစာရင်းထဲမှာ ကျနော်၊ ကျမ ပါတယ်ဆိုပြီးပြောနေတဲ့ သူတွေ သူတို့မှာ ဘာအထောက်အထားရှိသလဲ။ အထောက်အထားမရှိဘူး။ ဥပမာ ရွေးကောက်ပွဲ မသမာမှု ရှိပါတယ်ဆိုပြီး အထောက်အထားမရှိဘဲနဲ့ အာဏာသိမ်းသလို မျိုးပဲ အခုက သူတို့က အထောက်အ

MoeMaKa Daily - 8888 - 33 Years Opinion Post

Art - Sitt Nyein Aye မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၆လ ၈ ရက် မြောက်နေ့ မြင်ကွင်း (မိုးမခ) ဩဂုတ် ၈၊ ၂၀၂၁ ရှစ်လေးလုံး ကို ၃၃ နှစ်ကြာပြန်သုံးသပ်ခြင်း (မိုးမခအထောက်တော် - ရန်ကုန်) ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ ၊ ၈၈ ခုနှစ် ရဲ့ ၈ လပိုင်း ၈ ရက်နေ့ကို ၈ ဂဏန်း ၄ လုံးထပ်တဲ့နေ့အဖြစ် သပိတ်မှောက် ဆန္ဒပြဖို့ ချိန်းဆိုတဲ့နေ့ ဖြစ်လာရာက ရှစ်လေးလုံးအရေးတော်ပုံ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ ဆိုရှယ်လစ်စနစ် အမည်ခံထားတဲ့ တပါတီ စစ်အာဏာရှင်စနစ်ကို စိတ်ကုန်နေကြတဲ့ ပြည်သူလူထုက ဆန္ဒပြကြ ၊ တပါတီထဲ ကြီးစိုးတဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီ အတိုကောက်အားဖြင့် မဆလ ပါတီကို စပြီးတွန်းလှန်ကြတဲ့ နေ့ဖြစ်ပါတယ်။ ရှစ်လေးလုံးမတိုင်ခင် နိုင်ငံရေးအရ ဆန့်ကျင်ကြတဲ့ ၁၉၈၇ ခုနှစ် ငွေစက္ကူဖျက်သိမ်းမှု အပြီးမကျေနပ်လို့ဆန့်ကျင်ကြတဲ့ အဖြစ်အပျက်၊ တခါ ၁၉၈၈ ခုနှစ် မတ်လ စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် သေဆုံးခဲ့ရတဲ့ အရေးအခင်း၊ အဲဒီနှစ် ဇွန်လမှာပဲ မြေနီကုန်း အရေးအခင်းတွေက ရှစ်လေးလုံးနေ့မှာ အားလုံး တပြိုင်နက်ထဲ စတင်ဆန္ဒပြကြဖို့ အတွက် တွန်းအားဖြစ်စေခဲ့တာဖြစ်ပါတယ်။ အထက်က သမိုင်းအဖြစ်အပျက်တွေက အများသိရှိသလောက် သိရှိပြီးဖြစ်ကြပါလိမ့်မယ်။ အခု ၂၀၂