Skip to main content

MoeMaKa Daily - 16th April 2021



MoeMaKa 2021


မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၂လ နဲ့ ၁၆ ရက် မြောက်နေ့ မြင်ကွင်း

Posted: 16 Apr 2021 11:02 AM PDT



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၂လ နဲ့ ၁၆ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဧပြီ ၁၆၊ ၂၀၂၁

NUG - အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့ပြီ

ဒီနေ့ဟာ မြန်မာပြည်သူတွေကော မြန်မာ့အရေးထောက်ခံသူ ပြည်ပအင်အားတွေကိုယ်တိုင် ဝမ်းသာအားရ ဖြစ်ကြတဲ့နေ့ဖြစ်ပါတယ်။ CRPH ယာယီအစိုးရကနေ အမျိုးသားညီညွတ်ရေးအစိုးရကို ထူထောင်ကြောင်းနဲ့ အစိုးရအဖွဲ့ကို စတင်ဖွဲ့စည်းကြောင်း ကြေညာလိုက်ပါတယ်။ ချက်ခြင်းဆိုသလိုပဲ NUG အစိုးရအဖွဲ့ဝင်တွေနဲ့ပတ်သက်ပြီး ဂုဏ်ယူကြတဲ့ ကြိုဆိုကြတဲ့ ဆိုရှယ်မီဒီယာပို့စ်တွေ တက်လာပါတယ်။ ပြည်သူ့အစိုးရသစ်ကို ကြိုဆိုဖို့ လက်ခုတ်တီးကြတဲ့ ကင်ပိန်းက ၇နာရီခွဲမှာ စပြီး ည ရန်ကုန်မှာ ၈နာရီနောက်ပိုင်း ပေါက်ကွဲမှုတွေ ဖြစ်တဲ့ သတင်းတွေ တက်လာပါတယ် ။

ကုလအထူးကော်မီတီက ခေါင်းဆောင် ယံဟီးလီးကိုယ်တိုင်က CRPH ၏ NUG အစိုးရကို ကြိုဆိုကြောင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ ရခိုင့်တပ်တော် AA ရဲ့ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဒီနေ့ည သူ့ twitter မှာ ရေးသားထားချက်ပါ။"ငါတိုကို ဂရုတစိုက်နဲ့ ခေါ်ခဲ့ပါတယ်။ ကိုယ့်ရပ်တည်ချက်နဲ့ ကိုယ်မပါလိုက်တာပါ။ သူတိုကို အပြစ် ပြောစရာမလိုအပ်ပါ" လို အဓိပ္ပါယ်ရပါတယ်။


ပြည်ပရောက် NCGUB မှာ နိုင်ငံရေးတာဝန်ယူခဲ့သူ ခေါင်းဆောင်တဦးကတော့
- NUG အစိုးရမကြေညာခင်မှာ သည်လိုမျိုး အလွတ်သဘော မှတ်ချက်ပေးခဲ့တာ ရှိပါတယ်။ (ဒီနိုင်ငံရေးအရွေ့က အကြီးကြီးရွေ့တာ။ ဖယ်ဒရယ်ဒီမိုကရေစီပါ ပါတယ်။ စစ်တပ်ကထည့်တောင် ပြောခဲ့တာ မဟုတ်ဘူး။ စစ်အုပ်စုဖုံးကွယ်ထားတဲ့ အခြားအစ်ရှူးတွေ အကုန်ပါသွားတယ်။ တိုင်းရင်းသားတွေက ဖယ်ဒရယ်ချာတာကို လက်ခံတာ ကြိုဆိုတာကလည်း အားရစရာဖြစ်တယ်။ ဂျီဇက်တွေရဲ့ ဆောင်ရွက်ချက်တွေကို လျော့တွက်လို့မရဘူး။ နောက်ထပ်ဘာတွေ တိုးလာမလဲ ကြိုမပြောနိုင်ဘူး။ ဒါက သမိုင်းအသစ် သင်ခန်းစာအသစ် ဖြစ်လာမယ်။ တိုင်းရင်းသားအရေးမှာ ရခိုင်နဲ့ ၀ကိုလည်း ပါလာဖို့ ပြောဖို့ လိုမယ်။ ဒါကို ဗမာတွေ အင်န်အယ်ဒီပါတီတွေက မပြောဘဲ တိုင်းရင်းသားတွေအချင်းချင်း ပြောဖို့ လိုမယ်။ တိုင်းရင်းသားခေါင်းဆောင်တွေက ဖြတ်သန်းမှုတွေ အများကြီးရှိတော့ သူတို့စဉ်းစားနေတာလည်း သဘာ၀ကျတယ်။ CRPH အခုလို အချိန်တိုတိုအတွင်း အခက်အခဲတွေကြားက ဆောင်ရွက်နေတာ အားရပါတယ်။ NCGUB တုန်းကနဲ့တောင် မတူပါဘူး။ ထောက်ခံတဲ့လူထုနဲ့ ခေါင်းဆောင်တဲ့သူတွေ တသားတည်းဖြစ်နေတယ်။ တထပ်တည်းဟပ်မိနေတယ်။ ၉၀တုန်းက ရွေးကောက်ပွဲပြီးတဲ့နောက် လူထုနဲ့ နိုင်ငံရေးဦးဆောင်သူတွေကြား ကွာဟသွားတယ်။ )

ကိုမိုးမြင့် ဖေ့စ်ဘွတ်မှာ ရေးထားတာထဲက ကောက်နုတ်ပြရရင် -

(နိုင်ငံတော် ဒုသမ္မတနေရာ ကိုတော့ ကချင်လူမျိုး ဒူဝါလရှီးလ ပါ။ သူက ကချင်အမျိုးသား အတိုင်ပင်ခံအဖွဲ့ (WMR) ဥက္ကဌအဖြစ် ထမ်းဆောင်နေသူလည်းဖြစ်ပါတယ်။ လားရှိုးဖက်က လုပ်သက်ရင့် ရှေ့နေကြီးတစ်ဦးဖြစ်ပါတယ်။

ဖက်ဒရယ်ရေးရာ ပြည်ထောင်စုဝန်ကြီး အဖြစ် ချင်းအမျိုးသားသားတပ်ဦး (CNF) က ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းကို ခန့်အပ်ပါတယ်။ သူက ၈၈ ကတည်းက နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဖြစ်သလို၊ ဖက်ဒရယ်ရေးရာ ကျွမ်းကျင်သူပါပဲ။ သူက ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ရင်းနှီးသလို ၂၀၁၂ ကနေ ၂၀၂၀ အထိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါခဲ့သူလည်းဖြစ်ပါတယ်။

သဘာ၀ သယံဇာတ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ တူးခေါင်ဟာ ဧရာ၀တီ မြစ်ဆုံအရေးကိစ္စတွေ၊ မြေယာသိမ်းဆည်းခံရမှုတွေကို ကချင်ဒေသခံ တွေအတွက် တောက်လျှောက် ဆောင်ရွက်လာခဲ့သူ ဖြစ်ပါတယ်။ သူက အမေရိကန်နိုင်ငံ Central Baptist Theological Seminary တက္ကသိုလ်က ဘွဲ့ရထားသူပါ။

အမျိုးသမီးနဲ့ လူငယ်ရေးရာ ပြည်ထောင်စုဝန်ကြီး နော်လှလှစိုး။ သူက ၂၀၂၀ မှာ ရန်ကုန်တိုင်းက ကရင်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ဝင်ပြိုင်ပြီး အနိုင်ရခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၅ ပြည်ထောင်စုလွှတ်တော်က အမတ်ဟောင်းဖြစ်ပြီး သူက Karen Women Empowerment Group (KWEG) အဖွဲ့ထောင်သူဖြစ်သလို၊ KNU နဲ့ အစိုးရတပ်တို့ ငြိမ်းချမ်းရေးကိစ္စတွေမှာ ဆောင်ရွက်ဖူးသူလည်းဖြစ်တယ်။

ကိုမိုးဇော်ဦး ဟာ ထိုင်းနိုင်ငံ ချူလာလောင်ကွန်းတက္ကသိုလ်က Master of Southeast Asian Studies နဲ့ မာစတာဘွဲ့ရထားသူဖြစ်ပါတယ်။

ကာကွယ်ရေး ဒုဝန်ကြီး ကိုတော့ နှစ်ဦးခန့်အပ်ပါတယ်။ ဆရာမ ဒေါ်ခင်မမမျိုးနဲ့ နိုင်ကောင်းရွက်တို့ ဖြစ်ပါတယ်။ ဆရာမဒေါ်ခင်မမမျိုးကတော့ စစ်ရေးနိုင်ငံရေး မဟာဗျူာတွေကို သင်ကြားပို့ချနေတဲ့ သူဖြစ်သလို၊ PhD ဒေါက်တာဘွဲ့ရ ဖို့အတွက် (PhD Candidate) သုသေတသနစာတမ်းပြုစုဆဲပါ။ နိုင်ကောင်းရွက်က မွန်အမျိုးသားဖြစ်ပါတယ်။

ဖက်ဒရယ်ရေးရာ ဒုဝန်ကြီး ရာထူးကလည်း နှစ်ဦးပါ။ ဦးချစ်ထွန်းနဲ့ မိုင်းဝင်းထူးဖြစ်ပါတယ်။ မိုင်းဝင်းထူးကတော့ တအောင်းအမျိုးသားပါ။ လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ်သလို၊ တအောင်းပါတီ (TNP)၊ TNLA လက်နက်ကိုင်အဖွဲ့နဲ့လည်း သိကျွမ်းသူဖြစ်ပါတယ်။

စီမံဘဏ္ဍာဒုဝန်ကြီး အဖြစ်ထမ်းဆောင်မယ့် မင်းဇေယျာဦးက မွန်အမျိုးသားလို့သိရပါတယ်။ ကျနော်တို့သိရှိထားတဲ့ အရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (UPDJC) ရဲ့ နိုင်ငံရေးအစုအဖွဲ့များမှာ တွဲဖက်အတွင်းရေးမှူးအဖြစ်ဆောင်ရွက်သူလို့ သိရပါတယ်။ ဒီအချက်ကို ကာယကံရှင်နဲ့တော့ မစုံစမ်းရသေးပါ ( နာမည်တူလည်း ဖြစ်နိုင်ပါတယ်။)

လူသားချင်းစာနာထောက်ထားရေးနှင့်သဘာဝဘေးအန္တရာယ် ဝန်ကြီးဌာနရဲ့ ဒုဝန်ကြီးက နော်ထူးဖော်က ကရင်တိုင်းရင်းသူဖြစ်ပါတယ်။ သူ့ကိုယ်ရေးရာဇဝင် စုံစမ်းနေဆဲပါ။

ပညာရေးဝန်ကြီးဌာနရဲ့ ဒုဝန်ကြီးအဖြစ် တာဝန်ယူမယ့် ဂျာထွယ်ပန် ကလည်း နိုင်ငံတကာ ဘွဲ့ရတစ်ဦးဖြစ်တယ်လို့ပြောကြပါတယ်။ ကချင်အရပ်ဖက်အဖွဲ့အစည်းတွေကို အကြံပြုချက်တွေ ပေးတဲ့သူလို့ သိရပါတယ်။ သူက ကချင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KIA) ထိန်းချုပ်နယ်မြေဖြစ်တဲ့ မိုင်ဂျာယန်မှာကျောင်းတစ်ခု ထူထောင်ဖူးသူပါ။ အမေရိက ကနေ မာစတာကျောင်းပြီးထားသလို၊ UK ကပေးတဲ့ Chevening ချီးဗနင်း စကော်လာတစ်ဦးလည်း ဖြစ်ပါတယ်။ (နာမည်တူ ဟုတ်၊ မဟုတ် ကာယကံရှင်နဲ့အတည်မပြုရသေးပါ။ ဒါပေမဲ့ သူဖြစ်မယ်လို့ ခန့်မှန်းပါတယ်။)

ကျန်းမာရေး ဒုဝန်ကြီးအဖြစ်ထမ်းဆောင်မယ့် ဒေါက်တာရွှေပုံကတော့ NLD ပါတီဝင်ဖြစ်ပြီး၊ အရင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်ဟောင်းလည်းဖြစ်ပါတယ်။

သဘာဝသယံဇာဝန်ကြီးဌာနရဲ့ ဒုဝန်ကြီး အဖြစ် ခန့်အပ်ခံထားရတဲ့ ခွန်ဘီးထူး (ခေါ်) လွီးစီငြိမ်းကတော့ ကယန်းအမျိုးသားပါတီ ဥက္ကဌ ဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲတုန်းက NLD ပါတီက ခန့်ထားတဲ့ ဝန်ကြီးချုပ် အယ်လ်ဖောင်းရှိုရဲ့ ပြိုင်ဘက်ပါ။ ကရင်နီပြည်နယ်က လူငယ်တွေရဲ့ထောက်ခံမှုကို ရတဲ့သူလည်းဖြစ်ပါတယ်။

အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒေါ်အိသဉ္ဇာမောင်ကတော့ အားလုံး သိကြတဲ့အတိုင်းပါ။ နွေဦးတော်လှန်ရေးရဲ့ အစောပိုင်းကာလမှာ သူ့ရဲ့ကြွေးကြော်သံတွေကို ပြည်သူတွေ သဘောခွေ့ခဲ့ကြပါတယ်။ ၂၀၂၀ တုန်းက လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကနေ ဝင်ပြိုင်ပေမယ့် သူ့သူငယ်ချင်းဖြစ်တဲ့ NLD ပါတီက ဦးစည်သူမောင်ကို ရှုံးနိမ့်ခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းမှုမှာ လူအများထောက်ပြနေတာက တိုင်းရင်းသားလူမျိုး နှစ်ခု မပါတဲ့ ကိစ္စပါ။ ရခိုင်နဲ့ရှမ်း ဒီအထဲမှာ မပါ ပါဘူး။ ဒါပေမဲ့လည်း လာမယ့်ဖွဲ့စည်းမှုတွေမှာ ဘယ်လိုပါမလဲဆိုတာ ဆက်စောင့်ကြည့်ရဦးမှာပါ။ ကျန်တဲ့ပြည်ထောင်စုဝန်ကြီးအများစုကတော့ NLD က လူတွေဖြစ်ပါတယ်။ သမ္မတကလည်း ဦးဝင်းမြင့်ဖြစ်ပြီး၊ အတိုင်ပင်ခံရာထူးကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကို ထပ်ပေးထားပါတယ်။)

သတင်းသမားတဦး၏ မှတ်ချက် - ကမ္ဘာပေါ်မှာ ပထမဆုံးဖွဲ့လိုက်တဲ့ ကိုဗစ်အလွန် စစ်အာဏာသိမ်းကို တော်လှန်တဲ့ အွန်လိုင်းအခြေပြု အစိုးရတရပ် ဖြစ်လာပါတယ်။

သတင်းစာဆရာတဦးမှတ်ချက် - တိုင်းရင်းသားလက်နက်ကိုင်တွေထဲက CNF က ဝန်ကြီးအဖြစ် တာဝန်ယူတာ ပါတယ်။ ဒါပေမယ့် သူက CNF နဲ့မဆိုင်ပဲ ချင်းပြည်နယ် အတိုင်ပင်ခံအဖွဲ့ကနေတဆင့် သဘောထားပေးပြီး ပါဝင်တယ်လို့ ဆိုထားတယ်။ ဒုဝန်ကြီးတွေထဲမှာ နယ်ခြားစောင့်တပ်တွေက တိုင်းရင်းသားတွေ ပါတယ်လို့ ဆိုတယ်။ အခြား EAO တွေထဲက တိုက်ရိုက်ပါဝင်တာ မတွေ့ဘူးလို့ သူက ဆိုပါတယ်။

NUG သတင်းစာရှင်းလင်းပွဲ

NUG အစိုးရကြေညာပြီးတာနဲ့ အွန်လိုင်းကနေ NUG အစိုးရအဖွဲ့ဝင်တွေထဲက ဦးရည်မွန်၊ ဦးလွင်ကိုလတ်၊ ဦးဇော်ဝေစိုး၊ ဦးဝင်းမြတ်အေးနဲ့ ဒေါ်ဇင်မာအောင်တို့က သတင်းစာရှင်းလင်းပွဲလုပ်ပါတယ်။ DVB ကနေ တိုက်ရိုက်လွှင့်ပေးပါတယ်။ အဲသည်နောက်မှာ အင်တာဗျုးကောက်နုတ်ချက်တွေနဲ့ သတင်းထောက်များဆီက မှတ်စုတွေ ဆိုရှယ်မီဒီယာပို့မှတ်ချက်တွေ စုစည်းပြီးတော့ ဒီနေ့ မြင်ကွင်းဆောင်းပါးကို စုစည်း တင်ဆက်လိုက်ပါတယ်။

ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပြောကြားချက် - ပြည်သူ့ကာကွယ်ရေးတပ်မတော် ။ ဖယ်ဒရယ်တပ်မတော်၏ အစိတ်အပိုင်း ဖြစ်လာမယ်။ Federal Army က တော့ အချိန် ယူရပါအုံးမယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် အရင်ပေါ်လာ ပါ့မယ်။ professional ကျကျ တည်ဆောက်သွားမှာပါ။ ကျင့်ဝတ် စည်းကမ်း တကယ်ကောင်းမွန်တဲ့ တပ် ဖြစ်လာပါလိမ့်မယ်။
နောက် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဟာ Federal Army ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်လာပါလိမ့်မယ်။ ပြည်သူ့ကာကွယ်ရေးတပ်ပေါ်လာအောင် တစ်ရက်မနားကြိုးစားနေကြပါတယ်။ သဘောတူညီမှု တစ်ချို့ လည်း ရရှိပြီး ဖြစ်ပါတယ်။ အချိန်တို အတွင်း ပေါ်ပေါက်လာပါလိမ့်မယ်။

ပြည်ထဲရေးဝန်ကြီး လွင်ကိုလတ် - အားလုံးသိချင်နေကြတဲ့ ပြည်သူ့တပ်မတော် ပေါ်လာဖို့နဲ့ ပတ်သက်တဲ့ အကြောင်းတွေက ကျွန်တော်တို့ လုပ်နေတာတွေ အားလုံး ကိုတော့ အသိပေးလို့မရသေးပါဘူး။ နယ်မြေပိုင်ဆိုင်ဖို့ အတွက်က ၁။ ပြည်သူလူထုက လက်မခံတာ၊ ဆန့်ကျင်တာနဲ့ ၂။ ကျွန်တော်တို့ လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ လုပ်ဆောင်တာ ဆိုပြီး ၂ပိုင်းရှိပါ့မယ်။ ပေါင်းပြီး လုပ်ဆောင်သွားပါ့မယ်။

ဖယ်ဒရယ်ရေးရာဝန်ကြီး (ဒေါက်တာလျန်မှုန်းဆာခေါင်း) -
NUCC - အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (National Unity Consultative Council – NUCC) တပြိုင်နက်နီးနီး ဖွဲ့စည်းဖို့ ကြိုးစားခဲ့ပါတယ်။ အားလုံးပါဝင်ရေးမူအရ အားလုံးပါဝင်ဖို့ ကြိုးစားနေရတာမို့လို့ အချိန်ယူ နေရတာဖြစ်ပါတယ်တယ်။ သိပ်မကြာဘူး ပေါ်လာပါ့မယ်။ မကြာပါဘူးဆို တာ တစ်ပတ်တောင် မကြာဘူး ပေါ်လာပါ့မယ်။ 

ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် - (တိုင်းရင်းသားလက်နက်ကိုင်အချိုက Charter ကို ကြိုဆိုတာသာဖြစ်ပြီး ထောက်ခံတာ မဟုတ်ဘူးလို့ ပြောကြပါတယ်။ အဲဒါလေး ဖြေပေးပါ။)
Charter အပိုင်း (၁) ကို တိုင်းရင်းသားလက်နိုင်ကိုင် ၉၀% ကျော် က သဘော တူညီကြပါတယ်။ အပိုင်း (၂) ကိုတော့ ထဲထဲ ဝင်ဝင်ညှိဖို့ ကြိုးစားနေပါတယ်။

ကျန်းမာရေး၊ ပညာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး -
ကျွန်တော်တို့ ဝန်ကြီး ဌာနတွေမှာ အမြဲတမ်း အတွင်းဝန်ထိ ရှိပြီး စီစဉ်ပြီးသားဖြစ်ပါတယ်။ အောက်ခြေနဲ့ ချိတ်ဆက် အလုပ်လုပ်ဖို့ စီစဉ်ပြီးဖြစ်ပါတယ်။ လုပ်ဆောင်နေပြီဖြစ်ပါတယ်။

ဖယ်ဒရယ်ရေးရာဝန်ကြီး (ဒေါက်တာလျန်မှုန်းဆာခေါင်း) -
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းတွေက နည်းလမ်းသစ်တွေနဲ့ ပါဝင်ဖို့ လုပ်ဆောင်နေပါတယ်။ ဉပမာ ကချင်ဆိုရင် ကချင်အတိုင်ပင်ခံ ကောင်စီကနေ ပါဝင်တာဖြစ်ပါတယ်။ အဲဒီမှာ လက်နက်ကိုင်တွေ၊ နိုင်ငံရေးအဖွဲ့စည်း၊ လူမှုရေး အဖွဲ့စည်းတွေ စသည်ဖြင့် အဖွဲ့စည်းစုံ ပါပါတယ်။ ကျွန်တော်တို့ ချင်းမှာ လဲ ချင်း အတိုင်ပင်ခံကောင်စီဖွဲ့စည်းပြီး ဖြစ်ပါတယ်။ ကျွန်တော့်ကို စေလွတ်တာက အဲဒီ အဖွဲ့စည်းက စေလွတ်တာဖြစ်လို့ ချင်းတမျိုးသားလုံးကို ကိုယ်စားပြုတာဖြစ်ပါတယ်။ ပင်လုံစာချုပ်ကို ပြန်လည် အကောင်ထည်ဖေါ်ဖို့လိုပါတယ်။ ဒီလောက် မြန်မာ ပြည်သူတွေ စည်လုံးတာ ကျွန်တော် တစ်ခါမှ မတွေ့ဖူးပါဘူး။ ဒါကြောင့် Federal Army ကို တည်ဆောက်နိုင်လိမ့်မယ်လို့ အပြည့်အဝ ယုံကြည်ပါတယ်။

ပြည်ထဲရေးဝန်ကြီး လွင်ကိုလတ် - NUG အစိုးရသစ် ကို ဘယ်နိုင်ငံတွေက အသိမှတ်ပြုလဲ။ ရက်ပိုင်း အတွင်းမှာ NUG အစိုးရသစ် ကို ဘယ်နိုင်ငံတွေက အသိမှတ်ပြုလဲဆိုတာ သိလာပါလိမ့်မယ်။ နိုင်ငံ အမည်တွေကိုတော့ အတိအကျ ထုတ်ပြောလို့မရပါဘူးခင်ဗျ။ နိုင်ငံအမည်ပြောမရတောင် အနည်းငယ်ပြောရမလား ခင်ဗျာ။ အနောက်နိုင်ငံကြီးတွေထဲကလည်းပါပါတယ်၊ ကျွန်တော်တို့လို့ အာရပ်နွေဦးလို ဖြတ်သန်းခဲ့တဲ့ နိုင်ငံကြီး တစ်နိုင်ငံလည်းပါပါတယ်။

သေဒဏ်အချခံရတဲ့ သူတွေအတွက် ဘယ်လိုများ အကူညီပေးနိုင်မလဲ။ ဒါတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ပါ့မယ်၊ မနေ့က ကိုဝေမိုးနိုင်ကိစ္စ ကျွန်တော်တို့ အစည်းဝေးထိုင်နေတုန်း ကြားရပါတယ်။ ကျွန်တော်တို့ စိုးရိမ်ပါတယ်၊ ကိုမင်းကိုနိုင် ဦးဆောင်ပြီး ကျွန်တော်တို့ အဲဒါကို ချက်ချင်း ဆောင်ရွက်ပါတယ်။ ကျွန်တော်တို့ တတ်နိုင်သမျှ ကြိုးစားဆောင်ရွက်မယ်လို့ ကတိပေးပါ့တယ်။

ဖယ်ဒရယ်ရေးရာဝန်ကြီး (ဒေါက်တာလျန်မှုန်းဆာခေါင်း) - ကျွန်တော် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် - မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိခဲ့ပါတယ်။ တစ်ချို့ ဗိုလ်ချုပ်ကြီးတွေက မအလ လုပ်ရပ်ကို မကြိုက်နှစ်သက်ကြပါဘူး။ ကျွန်တော်ကြားရပါတယ်။ မအလ ကို ထားခဲ့ပြီး ကျွန်တော်တို့နဲ့ လာပူးပေါင်းပါလို့ အခု မီဒီယာက နေ ကျနော်ပြောပါတယ်။

မြန်မာနဲ့ ဆီးရီးယား နှိုင်းပြောနေတဲ့ကိစ္စ - ဆီးရီးယားက ဘာသာရေးကော အခြားအစ်ရှုးတွေ လူမျိုးစုတွေ ခွဲဖြာပြသနာတွေ ရှိယ် ။ မြန်မာပြည်က စစ်အာဏာရှင်ပြုတ်ကျရေး တခုတည်း ရှိတယ် ။ မတူဘူးဟု ဖြေ (ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်)

ပြည်တွင်းထိုးဖောက် အစိုးရတည်ဆောက်မည့်ပုံကို ပြောဆိုချက်တွေကတော့ - ဒေသအလိုက် ပြည်သူ့လုံခြုံရေးအဖွဲ့ ၊ ကြားကာလ အစိုးရကာကွယ်ရေးတပ် (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)။ ပြီးနောက် တိုင်းရင်းသားတပ်များနဲ့ စုဖွဲ့မှု။ ပြီးမှ ဖယ်ဒရယ်တပ်မတော် ပေါ်ထွန်းလာရေး။ လက်ရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ၂၀၀ ကျော် ရှိထားပြီး။ အခုလို အချိန်တိုတိုအတွင်း ပြည်သူလှုပ်ရှားမှု၊ CDM သပိတ် နှင့် CRPH တို့၏ နိုင်ငံတကာထိုးဖောက်နိုင်မှုကို အားရစရာဟု သုံးသပ်။

လူမှုရေးအကူအညီ အထောက်အပံ့တွေကို ပြည်တွင်းပြည်ပကနေ ဆောင်ရွက်နိုင်ဖို့ ပြင်ဆင်ဆွေးနွေး စီမံကိန်းများ ချမှတ်ထားပြီး ဖြစ် (ဦးဝင်းမြတ်အေး၊ ဦးဇော်ဝေစိုး)

NUG ၏ စံတန်ဖိုး - ညီညွတ်ခြင်း၊ လူနည်းစုအခွင့်အရေး၊ စုပေါင်းခေါင်းဆောင်မှု၊ (ဦးဝင်းမြတ်အေး)

ပင်လုံစာချုပ်အတိုင်း တိုင်းရင်းသားတွေ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ဖော်ဆောင်မှာ ဖြစ်တယ် (ဦးလျန်မှုန်းဆာခေါင်း)

စစ်တပ်နဲ့ ဆွေးနွေးဖို့ကတော့ စစ်တပ်က နိုင်ငံရေးမှာ မပါဘူး၊ ဖမ်းဆီးထားသူတွေ ပြန်လွှတ်ပေး၊ ဖယ်ဒရယ်ချာတာကို လက်ခံ၊ မိမိတို့ဘက်က CRPH NUG NUCC သုံးစု ဆွေးနွေးပြီးမှ ဒါကို ပြန်ဆွေးနွေးမယ်။ (ဦးလွင်ကိုလတ်)

ဖမ်းဆီးခံ ထိခိုက်သူများအတွက် ဘာစီစဉ်ပေးမလဲ။ ဘာအစီအစဉ်တွေ ရှိသလဲ။ (RFA)။ ဥပဒေပညာရှင်တွေ ရှေ့နေတွေ ICRC တို့နဲ့ အခွင့်အရေးတွေ တရားမျှတမှုအတွက် တိုင်ပင်ဆောင်ရွက်နေပါတယ်။ (လွင်ကိုလတ်)။ ဝန်ကြီးဌာနအလိုက် ပြန်လည်သုံးသပ်ဆွေးနွေးပြီး အက်ရှင်တွေ လာပါမယ်။ ကြေညာချက်တွေ ထုတ်မယ်။ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဖော်ဆောင်ပါမည်။ ဝန်ကြီးတွေ၏ ဖြတ်သန်းမှုကိုလည်း ကြည့်နိုင်ပါတယ်။ နိုင်ငံတကာဥပဒေနဲ့အညီ တောင်းဆိုသွားမှာ ဖြစ်ပါတယ်။ လူသားချင်းစာနာကူညီမှု ကာကွယ်မှုတွေကို ဆောင်ရွက်နေပါတယ်။(ဦးဇော်ဝေစိုး)

ရိုဟင်ဂျာ လူနည်းစုအရေးအတွက် ဘာပြောချင်သလဲ (BBC)။ ဒေါ်အောင်ဆန်းစုကြည်က ကိုယ့်တိုင်းပြည်က ထွက်ခွာရသူတွေ ပြန်လာရမယ်လို့ ပြောပြီးဖြစ်၊ အာမခံချက်ပေးထားပြီးဖြစ်တယ်။ ဒီအတွက် လုံခြုံစိတ်ချရမှု မရှိလို့ ပြန်မလာကြသေးတာဖြစ်တယ်။ အခုချိန်မှာ အားလုံးညိညီညွတ်ညွတ် ဆက်ပြီး လုပ်ဆောင်သွားပါမည်။ (ဦးဝင်းမြတ်အေး)

နောက်ခြေလှမ်း - တရားရေးမဏ္ဍိုင်ကို ဖော်ဆောင်မည် - ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေပြုရေးမဏ္ဍိုင်အဖြစ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကလည်းကောင်း၊ အုပ်ချုပ်ရေးမဏ္ဍိုင်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရကလည်းကောင်း တာဝန်ယူဆောင် ရွက်သွားမည်ဖြစ်ပြီး တရားစီရင်ရေးမဏ္ဍိုင်ကိုလည်း ဖွဲ့စည်းတာဝန်ပေးအပ်သွားမည် ဖြစ်ပါသည်။တရားရေးမဏ္ဍိုင်ကို ထူထောင် ထုတ်ပြန်သွားမည်။ ပြည်နယ်အလိုက် အစိုးရအဖွဲ့များ မဏ္ဍိုင်များ ဆက်လက်ထူထောင်သွားမည်။ (CRPH ထုတ်ပြန်ချက်)

နိဂုံးချုပ်များ - တော်လှန်ရေးကို ဦးဆောင်သွားနေတာက ပြည်သူလူထု၊ လူငယ်ကျောင်းသားများ ဖြစ်ပါတယ်။ (ဦးလျန်မှုန်းဆာခေါင်း)

ပြည်သူတွေကို ကျေးဇူးဆပ်နေပါတယ်။ အောင်စိတ်က အရေးကြီးပါတယ်။ အောင်ကိုအောင်ရမည်။ (ဦးဝင်းမြတ်အေး)

မြန်မာပြည်မှာကော ကမ္ဘာမှာ မကြုံခဲ့ဖူးတဲ့ နွေဦးတော်လှန်ရေးဖြစ်တယ်။ အရေးတော်ပုံအောင်ရမည်။ (ဦးဇော်ဝေစိုး)

အမျိုးသားညီညွတ်ရေး အစိုးရသစ်မှာ စုစုပေါင်း ဦးရေ (၂၇) ဦးမှာ အမျိုးသမီး (၈)ဦး ပါတဲ့ အတွက် အမျိုးသမီးပါဝင်မှု (၃၀ ရာခိုင်နှုန်း) ဖြစ်ပါတယ်။ လူငယ်တွေလည်း ပါဝင် ပါတယ်။ တိုင်းရင်းသားတွေလည်း ပါဝင်ကြပါတယ်။ ပြည်သူ့ အစိုးရ အား ကြိုဆိုပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar





မောင်တင်သစ် - ဒီနေ့ဟာ အစ ဖြစ်တယ် (ဂုဏ်ပြုကဗျာ)

Posted: 16 Apr 2021 03:47 AM PDT

Image- Crd
" ဒီနေ့ဟာ အစ ဖြစ်တယ်"
မောင်တင်သစ်
(မိုးမခ) ဧပြီ ၁၆၊ ၂၀၂၁


ပင်လယ်ကို ဖြတ်လာတဲ့ မိုးနံ့ပါတဲ့ လေလို
မြို့ကြီးထဲ
ငါတို့ ဝင်ရောက်ကြပါစို့
နေရောင်ဟာ
အုန်းလက်ကိုင်းဖျား နဲ့ အိမ်အမိုးစွန်း ကို ဖြတ်ပြီး
ခပ်စောင်းစောင်း ကျနေမယ်
သစ်ပင်တွေဟာ ရေစိုလို့
သူတို့ အမွေးအတောင် တွေကို ဖြတ်ပြီး
ကနေတဲ့ ဒေါင်းပျိုတွေလို
အစိမ်းရောင် ပွပွ လှလှကြီး ဖြစ်နေမယ်။
အိမ်ရှေ့လမ်းမ ပေါ်မှာ မော်တော်ကားတွေဟာ
ကြိုတင် တိုင်ပင်ထားသလို
ဝးဝဝ နာရီမှာ
ဟွန်းတွေ တပြိုင်နက်တည်း တီးလိုက်ကြပေါ့။
ဒါဟာ အစပဲ
အရာ အားလုံး
အစက ပြန်စမယ့် အစပဲ။
လေပြည်ညင်းဟာ
အရပ်မျက်နှာ အသီးသီးက
တစ်လှည့်ပြီးတစ်လှည့် တိုက်နေမယ်။
ငါတို့ဟာ
လေညင်း နဲ့ အတူပါလာတဲ့ ပန်းရနံ့တွေလို
ဒီနေရာကို
စုဝေးရောက်ရှိလာကြမယ်။
သမိုင်းဝင် ဓာတ်ပုံ ထဲက
မျက်နှာမျိုးတွေနဲ့
အားလုံးဟာ
တည်ကြည်ခန့်ညား ကြလို့ပေါ့။
မြို့အနှံ့က ခေါင်းလောင်းတွေဟာ
အနှစ်နှစ် အလလ ဆွံ့အနေခဲ့တဲ့ သူတို့ အသံ
သူတို့ ပြန်ရပြီမို့
ဝမ်းသာမဆုံး ဖြစ်လို့
(အပြုံးမျက်နှာတွေဟာ
ပြန်ပြီး တည်လို့ မရတော့သလိုမျိုး)
ကန်ရေပြင်ဟာ
သူကိုယ်တိုင် ကုန်းပေါ်တက်လာပြီး
ပွဲတော်မှာ နွှဲချင်နေတယ်။
လက်ခုပ်သံတွေဟာ
တိကျတယ်
အပိုအလိုမရှိဘူး
ရုပ်ရှင်မရိုက်ဘူး
ဇာတ်တိုက်မထားဘူး။
တာထွက်တော့မယ့်
အားမာန်တွေဟာ
အချက်ပေးသံ ကို စောင့်နေကြပြီ။
ကျားတွေဖြတ်ဖို့
တောမှာ
လမ်းခင်းထားရိုး မရှိဘူး။
ချောင်းတွေ့ရင်
ခုန်ကျော်သွားဖို့ပဲ
ချောင်းကျယ်ရင်
ဖောင်ဖွဲ့မယ်။
ဒီနေ့ဟာ အစဖြစ်တယ်
အရာ အားလုံး
အစက ပြန်စမယ့် အစဖြစ်တယ်။
ဒီနေ့ဟာ
ကမ္ဘာပေါ်မှာ
အလှဆုံး နေ့တွေထဲက တစ်နေ့ဖြစ်တယ်
ဒီနေ့ဟာ
စစ်ပွဲ စတင်တဲ့ နေ့ မဟုတ်ဘူး
စစ်ပွဲ ပြီးဆုံးတဲ့ နေ့ မဟုတ်ဘူး
ဒီနေ့ဟာ
မေတ္တာ စတင်တဲ့နေ့
မေတ္တာ အောင်နိုင်တဲ့ နေ့ ဖြစ်ရဲ့။
ဒီနေ့ဟာ
ငြိမ်းချမ်းမှု စတင်တဲ့နေ့
ငြိမ်းချမ်းမှု အောင်နိုင်တဲ့နေ့ ဖြစ်ရဲ့
ဒီနေ့မှာ
စစ်နိုင်သူ မရှိဘူး
စစ်ရှုံးသူ မရှိဘူး
ဒီနေ့အကြောင်း
ကဗျာတစ်ပုဒ် ရေးရပေလိမ့်မယ်။
ဒီနေ့အကြောင်း
ကဗျာတစ်ပုဒ် မရေးဘူးဆိုရင်
ငါဟာ
ဘာမှ မရေးခဲ့တဲ့ လူတစ်ယောက် နဲ့
ဘာထူးဦးတော့မှာလဲ။       ။

မောင်တင်သစ်
 ဧပြီ၊ ၂၀၀၇၊ စံပယ်ဖြူ
-
× ယနေ့ဖွဲ့စည်းလိုက်သည့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့တွင် ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူထမ်းဆောင်ရမည့် ဦးရည်မွန် -(ကဗျာဆရာ မောင်တင်သစ်)ကို ဂုဏ်ပြုသောအားဖြင့်  စံပယ်ဖြူမဂ္ဂဇင်း (၂၀၀၇) တွင် ရေးသားခဲ့သည့် ဆရာ့၏ကဗျာတပုဒ်ကို ပြန်လည်ဖော်ပြလိုက်ပါသည်။ 
- တင်မင်းထက် ဖေ့ဘုတ်စာမျက်နှာမှ ယူပါသည်။


t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar



မိုးကျော်သူ - ပိုင်သစ်နွယ်

Posted: 16 Apr 2021 03:22 AM PDT

ပိုင်သစ်နွယ်
မိုးကျော်သူ
(မိုးမခ) ဧပြီ ၁၆၊ ၂၀၂၁

သူဟာ ချိတ်တွေကို
အိပ်နဲ့အပြည့်လွယ်ထားသူပေါ့
ခင်ဗျားကိုနတ်ရှင်နောင်နဲ့ချိတ်ပေးမယ်
ဗိုကြီးနဲ့ချိတ်ပေးမယ်
ကဗျာအတွက် သူ့ကားကို အမြဲစက်နိူးထားတယ်
သူ့ခြေထောက်တွေထောင်ပြီး 
ခင်ဗျားဆီ လျှောက်လာခဲ့မယ်

ဟာ့ဒစ်ထဲမှာ ပိုးကိုက်တာတွေရော
တချို့တဝက်သာမြင်ရတော့တဲ့စာသားတွေရော
မနေ့ကပွင့်တဲ့ပန်းတွေပါ သိမ်းထားတယ်
သူအိပ်စရာမရှိတဲ့ ကုတင်မှာ
ခင်ဗျားတို့ ကျူပ်တို့ စာအုပ်တွေကို စီထားတယ်

သူဟာ ပေါ့ပါးတဲ့ရေခဲတောင်ဖြစ်ပြီး
လေးလံတဲ့ဖေါ်ရွေမှူဖြစ်တယ်
ကျူပ်တို့မီးသတ်ကားတွေကိုလဲ
အမြဲဆီဖြည့်ထားတယ်

သူဟာ လူတွေအိပ်ချိန်မှာ
စမ်းချောင်းကသာကေတအထိ
လမ်းလျှောက်နိူင်သူဖြစ်တယ်
သူ့ကိုမသိတဲ့ဆေးရုံကတင်ဘေးက 
အိပ်စင်ရယ်လို့မရှိသေးဘူး
သူဟာအမြင်ကပ်စရာကောင်းတဲ့
ရိုးသားမှူစစ်စစ်ဖြစ်တယ်
သူဟာချွေးအမြဲနစ်နေတဲ့ညနေခင်းဖြစ်တယ်

တနေ့သူနဲ့ခင်ဗျားဆုံဖြစ်ကြပြီဆိုပါစို့
သူ့ကျောပိုးအိပ်ဘေးမှာချည်ထားတဲ့
အမြဲအသင့်ပြင်ထားတဲ့
ရေသန့်ဘူးအစိမ်းဟာ
ခင်ဗျားသောက်ဖို့ သူ့ကျောပိုးထားတာပါပဲ။

၁၆-၄-၁၉ သင်္ကြန်အတက်နေ့

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar





--
Send email to - editors@moemaka.net to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives

Comments

Popular posts from this blog

[Incidents] Burmese Military & Thugs Terrorized Homes in Yangon

ယနေ့ မတ်လ ၁ ရက်နေ့ ညနေ ၄ နာရီခန့်က ရန်ကုန်၊ ပုဇွန်တောင်မြို့နယ်သို့ ရဲနှင့်စစ်သား အများအပြား ရောက်ရှိလာပြီး ၄၉ လမ်း အလယ်ဘလောက်၊ လမ်း ၅၀ အလယ်ဘလောက်ရှိ တိုက်ခန်း တချို့ကို တံခါးဖျက်ပြီး ၀င်ရောက်ရှာဖွေသွားကြောင်း၊ အသုံးအဆောင်တချို့ သိမ်းဆည်းသွားကြောင်း၊ လူကို ဖမ်းခေါ်သွားခြင်း မရှိကြောင်း၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကန့်ကွက်လှုပ်ရှားမှုဦးဆောင်သူတို့ကို ၀င်ရောက် ရှာဖွေခြင်းဖြစ်မည်ဟု ယူဆရကြောင်း ရပ်ကွက်အတွင်း နေထိုင်သူတို့က ပြောသည်။ နေ့ဘက်တွင် ၀င်ရောက်ခြင်းဖြစ်သောကြောင့် အဖမ်းအဆီးအတွက် မဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုနေကြသည်။ ရပ်ကွက်အတွင်း နေထိုင်သူများက လမ်းထိပ်သို့ ထွက်ပြီး ကြွေးကြော်သံများ အော်ဟစ်ကြသကဲ့သို့ သံပုံးများ ဆူညံစွာ တီးကြပြီး မကြာမီ ပစ်ခတ်သံများ ထွက်ပေါ်လာသဖြင့် လမ်းအတွင်းသို့ ပြေးလွှားနောက်ဆုတ်သွားကြသည်။ ထို့နောက် ရဲနှင့် စစ်သားအများအပြားလည်း ရပ်ကွက်အတွင်းမှ ထွက်ခွာသွားကြသည်ကို တွေ့ရသည်။  အသံဗုံးဟု ယူဆရသည့် မပေါက်ကွဲသေးသော အရာတချို့ ကျန်ရစ်ခဲ့ရာ ရပ်ကွက်အတွင်း နေထိုင်သူတို့က ပုဇွန်တောင် မြို့မရဲစခန်းသို့ သွားရောက် အပ်နှံရန် ဆုံးဖြတ်လိုက်ကြသည်။ -- Send email to - editors@moe...

CB Bank U Khin Maung Aye tied with Kyant Phont Junta

https://www.mmtimes.com/business/17876-cb-bank-chair-to-open-industrial-zone.html?fbclid=IwAR3RojcIC6XK7obslNcCWTGn_ApUMdIccZ5oaiWHeKTTDtK4JRQfIVd6l88 https://www.mmtimes.com/business/17876-cb-bank-chair-to-open-industrial-zone.html?fbclid=IwAR3RojcIC6XK7obslNcCWTGn_ApUMdIccZ5oaiWHeKTTDtK4JRQfIVd6l88 -- Send email to - editors@moemaka.net   to contact and contribute with MoEmAKa MoeMaKa on Facebook Page from here  (For Burma / Myanmar User) MoeMaKa News & Media covering Burmese Community PO Box 320-207, San Francisco, CA 94132-0207, USA. http://MoeMaKa.Com - Burmese Language http://eng.moemaka.net  - English Edition http://MoeMaKa.Net - Audio & Video Archives

MoeMaKa Daily - 28th June 2022

Daily Digest from MoeMaKa Media ကိုအောင်မှိုင်း - ဝမ်ပေါင်ဟာ ပထမဖြစ်မယ် ကိုအောင်မှိုင်း - ဝမ်ပေါင်ဟာ ပထမဖြစ်မယ်(မိုးမခ) ဇွန် ၂၉၊ ၂၀၂၂ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း... MoeMaKa Media 1h ဖေကြီး (လေရှီး) - ထိုင် ထ ပုံပြင် Image- Crdထိုင် ထ ပုံပြင်ဖေကြီး (လေရှီး)(မိုးမခ) ဇွန် ၂၉၊ ၂၀၂၂      ကြားခဲ့ဖူးတဲ့ ကြုံခဲ့ဖူးတဲ့ ဖြစ်ရပ်များစွာထဲက... MoeMaKa Media 7h လင်းနွေးအိမ် - အရှေ့ရဲ့အရှေ့ အနောက်ရဲ့ အနောက် အရှေ့ရဲ့အရှေ့ အနောက်ရဲ့ အနောက် လင်းနွေးအိမ်(မိုးမခ) ဇွန် ၂၉၊ ၂၀၂၂ ညီမလေးရေရှေးရိုးစွဲတွေနဲ့ လမ်းထွင်သူတွေကြားမှာဒီလိုနဲ့ပဲမဖြစ်နိုင်ဘူးလို့... MoeMaKa Media 7h မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂၇ မြင်ကွင်း မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂၇ မြင်ကွင်း(မိုးမခ) ဇွန် ၂၈၊ ၂၀၂၂ ကယားပြည်နယ်က စီဒီအမ်မလုပ်တဲ့ ကျောင်းဆရာ/မတွေ... MoeMaKa Media 23h -- Send email to -  editors@moemaka.net  to contact and contribute with MoEmAKa MoeMaKa on Facebook Page from here   (For Burma / Myanmar User) MoeMaKa News & Media covering Burmese Community http://www.MoeMaKa.Com  - Burmese ...